မချမ်းဘော့ ဩဂုတ် ၁၅
ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊မချမ်းဘော့မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအသုတ်ကိုမချမ်းဘော့မြို့ဂူဘားရိပ်သာတွင် ယမန်နေ့(၉)နာရီမှစတင်၍ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ကျန်းမာရေး၀န်ထမ်းများက ကာကွယ် ဆေးထိုးခြင်းမပြုမီ အပူချိန်တိုင်းတာပေးခြင်း၊သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ စနစ်တကျ မှတ်တမ်းရေးသွင်း ခြင်းများပြုလုပ်ပြီးပုံမှန်အနေအထားရှိမှသာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကိုထိုးနှံပေးကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မချမ်းဘော့မြို့နယ် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့၀င်များ၊ ကျန်းမာရေး ၀န်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ နှင့် Volunteer စေတနာ့၀န်ထမ်းများက ကျန်းမာရေး လမ်းညွှန်ချက်နှင့်အညီပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မချမ်းဘော့မြို့နယ်တွင် ဒုတိယအသုတ်အနေဖြင့် ဆေးအလုံးရေ(၅၀)လုံး ရောက်ရှိကာ ပထမအကြိမ် မထိုးရသေးသည့်အသက်(၆၅)နှစ်နှင့် အထက်သက်ကြီးရွယ်အိုများ၊ သံဃာတော်ဘုန်းကြီးများ၊ ဘာသာရေးဓမ္မ ဆရာ/မများ၊ Volunteer စေတနာ့၀န်ထမ်းများ၊ ကျန်းမာရေး၀န်ထမ်း၊ နိုင်ငံ့၀န်ထမ်းများ၊ ဈေးသည်များနှင့်အုပ်စု (၁၂)အုပ်စုတွင်အကျုံး၀င်သည့် အုပ်စုအဖွဲ့များကို ထိုးနှံပေးလျက်ရှိရာ ယခုဒုတိယအသုတ်ပထမနေ့တွင်ဆေး အလုံးရေ (၂၈)လုံးဖြင့် လူဦးရေ (၅၆)ဦးထိုးနှံခဲ့ပြီး ကျန်ရှိသည့်ဆေးများကို မချမ်းဘော့မြို့နယ် နမ်းခမ်းကျေးရွာ ၌ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ထံမှသိရသည်။
မချမ်းဘော့ ပြန်/ဆက်