ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ သက်သာ၍ ဆေးရုံမှဆေးခွင့်ရသူ(၄၅၂)ဦးနှင့် သေဆုံးသူ(၈၄)ဦးရှိ

ကျောက်ဆည် ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလ ဇူလိုင် (၁)ရက်နေ့မှ ဩဂုတ်လ(၁၅)ရက်နေ့အထိ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ ကျား(၃၃၆)ဦး၊ မ(၂၅၀)ဦး၊ စုစုပေါင်း(၅၈၆)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှ ဆင်းခွင့်ရရှိသူ ကျား(၂၆၂)ဦး၊ မ(၁၉၀)ဦး၊ စုစုပေါင်း(၄၅၂)ဦးရှိကြောင်းနှင့် သေဆုံးသူကျား(၄၄)ဦး၊ မ(၄၀)ဦး၊စုစုပေါင်း(၈၄)ဦးရှိကြောင်း ခရိုင်အထွေထွေ ရောဂါကုပြည်သူ့ ဆေးရုံကြီး မှသိရှိရသည်။

ကျောက်ဆည်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်နှင့် ကျန်းမာရေးဝန်ထမ်းများမှ ကိုဗစ်-၁၉ ရောဂါသံသယရှိသူများ၊ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူများအား သီရိသာသနာ့ဗိမာန်တော်ဓမ္မာရုံတွင် Test Kit ဖြင့် စစ်ဆေးခြင်းများဆောင်ရွက်ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူ အမျိုးသားများအား သီရိသာသနာ့ ဗိမာန်တော်ဆွမ်းစားဆောင်နှင့် အမျိုးသမီးများအားမြင်စိုင်ခန်းမတွင် သီးသန့်ထားရှိ၍ နေ့စဉ် ကျန်းမာရေး စောင့်ရှောက်မှုများပေးလျက်ရှိကြောင်းနှင့် ရောဂါပြင်းထန်ပြီး သွေးအတွင်းအောက်ဆီဂျင်လိုအပ်သူများအား ခရိုင်အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၌ စနစ်တကျဆေးဝါးကုသမှု ပေးလျက်ရှိကြောင်းသိရှိရသည်။

ကျောက်ဆည်ခရိုင်အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ်လ(၁၅)ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ဆေးဝါးကုသမှုခံယူနေသူ ကျား(၈)ဦး၊ မ(၁၄)ဦး၊ စုစုပေါင်း(၂၂)ဦးရှိပြီး သီရိသာသနာ့ ဗိမာန်တော်ဆွမ်းစားဆောင်တွင် ကျား(၂၂)ဦး၊ မြင်စိုင်းခန်းမတွင်  မ(၆)ဦး၊ စုစုပေါင်း(၂၈)ဦးအား အသွားအလာ ကန့်သတ် စောင့်ကြည့်၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်းသိရှိရသည်။

တင်တင်ထွေး