ကျောက်ဖြူ ဩဂုတ် ၁၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ကုတင် ၂၀၀ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ကုသဆောင်တွင် ကိုဗစ်-၁၉ရောဂါ ဖြင့်တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာ ပျောက်ကင်း သူ ၆ ဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၀၉ ဦးရှိကြောင်း ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Fever Cornerနှင့် ဇင်ချောင်း/စနဲ တိုက်နယ်ဆေးရုံများသို့ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ် စသည့် ကိုဗစ်-၁၉ သံသယရောဂါလက္ခဏာဖြင့် လာရောက်ပြသ သူများ၊ ရောဂါကူးစက်ခံရသူတို့နှင့်ထိတွေ့ ဆက်စပ်သူများနှင့် Stay at Home ဒေသများမှပြန်လည်ရောက်ရှိ လာသူများအား Quarantine Cnter ထားရှိပြီး (RDT) Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ ၁၃ ဦးတွေ့ရှိခဲ့သည်။ ၎င်းတို့မှာ ချောင်းဝအုပ်စုမှ အမျိုးသားတစ်ဦး၊ အလယ်ဒွိန်ကျေးရွာအုပ်စု တောင်မော်ကျေးရွာမှ အမျိုးသမီးတစ်ဦး၊ ဂြင်ကြီးအုပ်စု ကပိုင်ချောင်းမှ အမျိုးသမီးတစ်ဦးနှင့် Quarantine Cnter မှ ၁၀ ဦး၊ စုစုပေါင်း ကျား ၁၁ ဦး၊ မ ၂ ဦးတို့ဖြစ်ပြီး၊ ကိုဗစ်-၁၉ ရောဂါ လက္ခဏာမပြပဲ သက်သာပျောက်ကင်းသူ ၆ ဦးတို့အား သမားတော်နှင့် တာဝန်ကျသူနာပြုဆရာမတို့က မိမိနေအိမ်တွင် (Stay at Home) အဖြစ် ခုနစ်ရက် အသွားအလာ ကန့်သတ်ကာ သီးသန့်နေထိုင်ရမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များကို တိကျစွာ လိုက်နာကြရန် မှာကြားပြီး ဆေးရုံဆင်းလက်မှတ် ပေးအပ်ခဲ့သည်။ ဆေးရုံဆင်းခွင့်ရရှိသူများအား ကျောက်ဖြူမြို့ရှိ ပရဟိတအဖွဲ့များက နေအိမ်သို့ အသီးသီး ပြန်လည်ပို့ဆောင် ပေးခဲ့ကြသည်။
ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့မှ ဩဂုတ်လ ၁၄ ရက်နေ့၊ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ရောဂါ စစ်ဆေးအတည်ပြုသူ ကျား ၂၆၂ ဦး၊ မ ၁၇၄ ဦး၊ စုစုပေါင်း ၄၃၆ ဦးအနက် ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၃၀၉ ဦး၊ ဆေးရုံတွင် ဆေးကုသမူခံယူနေသူ စုစုပေါင်း ၉၀ ဦးနှင့် သေဆုံးသူ ကျား ၂၃ ဦး၊ မ ၁၄ ဦ၊ စုစုပေါင်း ၃၇ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ဖြိုးဝေလင်း၊တင်ထွန်းဦး