တာချီလိတ်မြို့၌ ချောင်းရေတိုက်စားမှုကြောင့် ပြိုကျခဲ့သည့် အရန်မီးသတ်တပ်ရင်းရုံး မြေထိန်းနံရံအား ပြန်လည်တည်ဆောက်နိုင်ရေးအတွက် ဆောက်လုပ်ရေးပစ္စည်းများ ထောက်ပ့ံပေးအပ်

တာချီလိတ် ဩဂုတ် ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်ရှိ အရန်မီးသတ် တပ်ရင်းရုံး ဝန်ထမ်းအိမ်ယာတွင် နန့်ယွန်းချောင်းရေလျှံမှုကြောင့် မြေထိန်းနံရံပြိုကျပျက်စီးမှုဖြစ်ပေါ်ခဲ့ရာ ပြန်လည်တည်ဆောက်နိုင်ရေးအတွက် မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့မှ ဆောက်လုပ်ရေးပစ္စည်းများကို ယမန်နေ့ ညနေ ၄ နာရီအချိန်က သွားရောက်၍ ထောက်ပံ့ပေး အပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ နန့်ယွန်းချောင်းကမ်းပေါ်ရှိ အရန်မီးသတ် တပ်ရင်းရုံးဝန်ထမ်းအိမ်ယာသည် ဩဂုတ်လ ၁၂ ရက်နေ့နံနက်အစောပိုင်းက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေနှင့်အတူ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ရာ ရုံးဝန်ထမ်းအိမ်ယာ အဆောက်အဦ အတွက် တည်ဆောက်ထားသည့် မြေထိန်းနံရံများ ပြိုကျပျက်စီးပြီး ရုံးဝန်ထမ်း အိမ်ယာရေတိုက်စားပျက်စီးခြင်း၊ ရေတိုက်စားမှုကြောင့် အဆောက်အဦ အောက်ခြေတွင် ၇ ပေခန့်လှိုဏ်ခေါင်းများ ဖြစ်ပေါ်စေခဲ့ပြီး အဆောက်အဦ ပြိုကျမည့်အန္တရာယ်များကြောင့် မြို့ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့မှ ပြန်လည်တည်ဆောက်ရေးအတွက် လာရောက်ထောက်ပံ့ကူညီပေးခြင်းဖြစ်ကြောင်းသိရသည်။

တာချီလိတ်မြို့ရှိ အရန်မီးသတ်တပ်ရင်းရုံးဝန်ထမ်း အိမ်ယာ မြေထိန်းနံရံအား ပြန်လည် တည်ဆောက်နိုင်ရေးအတွက် ဘိလပ်မြေ ၁၅၀ အိတ်၊ သဲ ၂ စီး၊ ကျောက်ကားကြီး ၁ စီး၊ ကျောက်ကြီး ၅ စီး၊ အုတ် ၁၅၀၀ ၊ စုစုပေါင်းတန်ဖိုး ထိုင်းဘတ်ငွေ ၅ သောင်းခန့် ရိှ ဆောက်လုပ်ရေး ပစ္စည်းများကို  မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုအဖွဲ့မှ  ထောက်ပံ့ပေးအပ်ခဲ့ပြီး နယ်မြေခံတပ်မတော်သားများက  သယ်ယူပို့ဆောင်ပေးကာ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရှိရသည်။

ယာဆေး (ပြန်/ဆက်)