မိုးညှင်း ဩဂုတ် ၁၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ ပိုမိုများပြားလာသဖြင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ချက်များကို ဒေသခံပြည်သူများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသံချဲ့စက်ဖြင့်လိုက်လံဆောင်ရွက်ခြင်းကို ယနေ့ နံနက် ၈ နာရီက အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့နှိုးဆော်ချက်များဆောင်ရွက်ရာတွင် လတ်တလောဖြစ်ပွားနေသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ပိုမိုများပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် မိုးညှင်းမြို့အတွင်းရှိ လူနေအိမ်ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများနှင့် လူစည်ကားရာနေရာများတွင် ဒေသခံပြည်သူများအနေဖြင့် မဖြစ်မနေ အရေးကြီးကိစ္စကြောင့် နေအိမ်ပြင်ပသို့ထွက်ခွာပါက ပါးစပ် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သွားလာရန်၊ ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့်(၂ဝ)ကြာအောင် စနစ်တကျဆေးကြောရန်၊ တတ်နိုင်သမျှ လူစုလူဝေးရှိသော နေရာများကိုသွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ တစ်ဦးနှင့်တစ်ဦး ပြောဆို ဆက်ဆံရာတွင် အနည်းဆုံး ခြောက်ပေအကွာတွင် ပြောဆိုဆက်ဆံကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကူးစက်ပြန့်ပွားမှုကို အမြန်ဆုံး ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရန်အတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် မိဘပြည်သူများအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်၊ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ သွားရောက်၍ စစ်ဆေးကုသမှု ခံယူကြပါရန် စသည့် အသိပညာပေးလုပ်ငန်းများအား အသံချဲ့စက်ဖြင့်လှည့်လည်၍ အပတ်စဉ်နှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ အရှိန်အဟုန် မြှင့်တင်ဆောင်ရွက်ရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းဇော်ဟန်ဦးဆောင်သည့်အဖွဲ့များ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇွဲသူရအောင်