မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာ(၂၁)ရွာတွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး

မိတ္ထီလာ သြဂုတ် ၁၅

မိတ္ထီလာမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ် ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှု တိုးတက်လာစေ ရန်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာ(၂၁)ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀)နှုန်းနှင့် ကျေးရွာလူထုထည့်ဝင်ငွေ၊ လူထုလုပ်အားများပူးပေါင်းပြီး ကျေးရွာ၏ အခြေခံလိုအပ်ချက်ဖြစ်သော ရေရရှိရေးလုပ်ငန်းနှင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

ယင်းသို့ဆောင်ရွက်ရာတွင်  ထမုန်ကန်၊ ချောက်ပင်၊ အရှေ့ကုန်း၊ ပန်းသွင်း၊ ခင်သာ၊ အင်ကံ၊ ကန်တောင်၊ မကျီးကန်၊ ကွန်ဖိုပင်၊ သဲကုန်း၊ ကျောက်ပုံ၊ အောင်သာ၊ ကန်နီ(နောက်)၊ ထိန်ကန်၊ ကုက္ကိုပင်၊ နွားစင်းငုတ်၊ ဘုံစုကန်၊ ကျောင်းရာကန်၊ ကြာကန်ကျေးရွာများတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခါးကော့ကျေးရွာတွင် ကျေးရွာတွင်း ကွန်ကရစ် လမ်းခင်းခြင်းအပြင် မူကြိုကျောင်းဝန်း ခြံစည်းရိုးကားရန်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

၎င်းအပြင် ကျီးကုန်း​ကျေးရွာတွင် ရေရရှိရေး လုပ်ငန်းများဖြစ်သည့် စက်ရေတွင်းတူးဖော်ခြင်း၊ ​ရေစင်နှင့် အုတ်ရေကန်တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ အဆိုပါ လုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ(၆၄)ရွာကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)