မလှိုင် ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ဆေးဝါးနှင့်ဆေးပစ္စည်းများ ဈေးကွက် စောင့်ကြည့် စစ်ဆေးကြပ် မတ်ရေးအတွက် မြို့နယ်စစ်ဆေးရေးအဖွဲ့ မှ မြို့ပေါ်ရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစစ်ဆေးရေးအဖွဲ့တွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ဆန်းထွန်းနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စားသုံးသူ ရေးရာ ဦးစီးဌာန တာဝန်ခံ ဦးရဲမြင့်ဆန်းနှင့် မြို့နယ်စည်ပင် သာယာရေး အဖွဲ့မှ တာဝန်ရှိသူများလိုက်ပါလျှက် ဆေးနှင့် ဆေးပစ္စည်း အရောင်းဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကုသဆေးနှင့် ဆက်စပ်နေသည့် ဆေးဝါးများ ၊ အိမ်သုံးဆေးဝါးများ စသည့် ဆေးပစ္စည်း(၃၄)မျိုးအား ဈေးနှုန်းမြှင့်တင် ရောင်း ချနေမှု ရှိ / မရှိ ၊ ဆေးနှင့်ဆေးပစ္စည်းများ လုံလောက်မှု ရှိ / မရှိ ၊ ဆေးပစ္စည်းအရောင်းဆိုင်များ လုပ်ငန်းလိုင်စင် ရှိ /မရှိ ၊ တရားမဝင်ဆေးများ တင်သွင်း ရောင်းချခြင်း ရှိ / မရှိ ကို သွားရောက် စစ်ဆေးခဲ့သည်။
မလှိုင်မြို့ပေါ်တွင် ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်(၁၉)ဆိုင်ရှိပြီး အဆိုပါနေ့က ဖွင့်လှစ်ရောင်းချနေသည့် ဆေးဆိုင်(၈) ဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီး ဆေးဝါးနှင့် ဆေးပစ္စည်းများ ဈေးကွက် စောင့်ကြည့်စစ်ဆေးကြပ်မတ်ရေးအတွက် စစ်ဆေး ဆောင်ရွက်ခြင်းကို နေ့စဉ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
အောင်ဌေး(မလှိုင်)