မလှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပြည့်အဝထိုးနှံကြရန် သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး နှင့်ရွာခွဲတာဝန်ခံများအား တွေ့ဆုံ

မလှိုင် ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည်  ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျေးရွာများသို့ ကာကွယ်ဆေးများ လာရောက်ထိုးနှံပါက အသက်(၆၅) နှစ်  နှင့် အထက် အဘိုး၊ အဘွားများ အားလုံး ကာကွယ် ဆေးထိုးနှံသွားကြရန် အသိပေးပြောကြားခြင်းကို ယမန်နေ့က ကူကြီးကျေးရွာ အုပ်စု၊ အုပ်ဖိုကန် ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား တွေ့ဆုံကြားခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ကာကွယ်ဆေးအကြောင်း သိကောင်းစရာများ နှင့် ကာကွယ်ဆေး ထိုးထားခြင်းဖြင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများ၊ ကူးစက်နိင်သည့်  နည်းလမ်းများ၊ မိမိတို့  မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေမှု အခြေအနေများကို  ပြည်သူအများ သိရှိအောင်  ချပြရှင်းလင်းခဲ့ပြီး အသက်အရွယ် ကြီး ရင့်သူများအနေနှင့် ပိုမိုထိုးသင့်ကြောင်း ထို့အပြင် သတ်မှတ်ထားသည့် ဦးတည်အုပ်စုများ အလိုက် ကာကွယ်ဆေးများ တဆက်တည်းထိုးနှံပေးသွားမည်ဖြစ်၍  တက်ရောက်လာသော ရွာခွဲတာဝန်ခံများ၊ ရာအိမ်မှူး ၊ဆယ်အိမ်မှူးများ အနေ ဖြင့် မိမိတို့ကျေးရွာမှ မိဘပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံကြရန် ထပ်ဆင့် အသိပေးပြောကြားသွားရန် မှာကြားခဲ့သည်။ သို့မှာသာ မိမိတို့ ရွာ ၊ မိမိတို့မြို့ ကာကွယ်ရာဖြစ်မှာဖြစ်ကြောင်း ၊  အားလုံး ပူးပေါင်းပါဝင် ပေးကြရန် တွေဆုံမှာကြားခဲ့သည်။

အဆိုပါ အသိပေးတွေ့ဆုံပွဲသို့ ကူကြီးကျေးရွာ၊ ခုနှစ်ချက်ကျေးရွာ၊ သရက္ကန် ၊ မျက်သီးကျင်း တောင် ၊ အုပ်ဖိုကန်၊ ကျင်းရွာ ၊ တောင်ကုန်း ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရွာခွဲတာဝန်ခံများ၊ ရာအိမ်မှူး ၊ ဆယ် အိမ်မှူးများ တက်ရောက်ခဲ့ကြသည်။

အလားတူ အဆိုပါနေ့က ဖျောက်ဆိပ်ကုန်းကျေးရွာအုပ်စုရှိ ဖျောက်ဆိပ်ကုန်း ၊ကုက္ကိုခွက် ၊လေးတိုင်စင် ၊ အေး သန်းပင်၊  ဘိစပ်ကုန်း စသည့် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရွာခွဲတာဝန်ခံများ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျေးရွာများသို့ ကာကွယ်ဆေးများ လာရောက်ထိုးနှံပါက အသက်(၆၅) နှစ်  နှင့် အထက် အဘိုး၊ အဘွားများ အားလုံး ကာကွယ် ဆေးထိုးနှံသွားကြရန် အသိပေးရှင်းလင်းပြော ကြားခဲ့ကြောင်းသိရသည်။ 

အောင်ဌေး(မလှိုင်)