မိုင်းယု-ကျိန်းယဲန်းတံတား၊ ကျိန်းယဲန်းဘက်အခြမ်းကို မတ် ၂၄ ရက်နေ့ နံနက်ပိုင်းကစ၍ ဖြတ်သန်းခွင့် ယာယီပိတ်ထား

မိုင်းယု မတ် ၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တရုတ်-မြန်မာနယ်စပ်ဒေသဖြစ်သည့် မိုင်းယုမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ တင်းကြပ်စွာ ကာကွယ်နိုင်ရန်အတွက်  အထူးဒေသ(၄)အဖွဲ့မှ မိုင်းယု-ကျိန်းယဲန်းတံတား၊ ကျိန်းယဲန်းဘက် အခြမ်းကို ယနေ့ နံနက် ၈ နာရီအချိန်က ဝင်/ထွက်သွားလာခွင့်ကို   ယာယီပိတ်လိုက်ကြောင်း သိရသည်။

အဆိုပါ မိုင်းယု-ကျိန်းယဲန်းတံတား၊ အထူးဒေသ(၄)၊ ကျိန်းယဲန်းဖက်ခြမ်းပိတ်ရခြင်းမှာ မတ် ၂၄ ရက်၊ နံနက် ၇ နာရီက အထူးဒေသ(၄)(မိုင်းလား)အဖွဲ့နယ်မြေ၊ နမ့်ပန်းဒေသအုပ်ချုပ်ရေးရုံး၏ အစည်းအဝေးဆုံးဖြတ်ချက်များ အရ ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သတ်၍ ကာကွယ်နိုင်ရန်အတွက် တံတား၏ အထူးဒေသ(၄)၊ ကျိန်းယဲန်းဖက်အခြမ်းကို ခရီးသည်ယာဉ်များ၊ ကုန်တင်ယာဉ်များ၊ ဆိုင်ကယ်နှင့် လူပါ ဝင်/ထွက်သွားလာ ခွင့်မပြုတော့ကြောင်း သိရသည်။

အထူးဒေသ(၄)၊ ကျိန်းယဲန်းဘက်မှ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းဖြတ်၊ မိုင်းယောင်းနှင့် မိုင်းယုမြို့များတို့မှ ခရီးသွားလာနေသည့် ဒေသခံပြည်သူများကိုလည်း ကျိန်းယဲန်းဘက်မှ ပြန်လာခွင့်မပြုသေးပဲ အထူးဒေသ(၄)၊ နမ့်ပန်းတွင် (၁၅)ရက်အကြာ သီးသန့်နေစေ၍ ကျန်းမာရေးစစ်ဆေးမှုခံယူပြီးမှသာ မိမိတို့နေအိမ်သို့ ပြန်လာ ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် နမ့်ပန်းဒေသတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အနေဖြင့်လည်း မိမိဒေသသို့ ပြန်မည်ဆိုလျင် ပြန်ခွင့်ပြုထားကာ အခြားသူများကို ဝင်/ထွက်ခွင့်မပြုတော့ကြောင်း သိရသည်။

မိုင်းယု-ကျိန်းယဲန်းတံတား မိုင်းယုဘက်အခြမ်း တံတားအဝင်/အထွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ စစ်ဆေးခြင်းများ ကို ဇန်နဝါရီ ၂၉ ရက်နေ့ကစတင်ကာ ယနေ့အထိ စစ်ဆေးမှုများကို မြို့အုပ်ချုပ်ရေးမှူး ဦးအောင်ပြည့်ဖြိုး၊ မိုင်းယုတိုက်နယ် ဆရာဝန် ဒေါက်တာအောင်အောင်ဝင်းထွဋ်တို့ ဦးဆောင်သည့် ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင်သည့် အဖွဲ့က ယင်းတံတားပေါ်တွင် အထူးဒေသ(၄)၊ ကျိန်းယဲန်းဘက်မှ ဝင်ရောက်လာကြသည့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများဖြစ်ကြသည် ကလေးလူကြီးများပါမကျန် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်လာမှုမရှိစေရေး ကိုယ်အလေးချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာနိုင်ရေးနှင့် လိုက်နာရမည့် နည်းလမ်းတို့ကို နေ့စဉ်ပညာပေးစစ်ဆေးခြင်းများပြုလုပ်နေလျက်ရှိပြီး တံတားကို မိုင်းယုဘက်ခြမ်းမှ ဖြတ်သန်းခွင့်ပေးထားကြောင်း သိရသည်။

ကိုကိုနိုင်(မိုင်းယု)