မိုင်းယုမြို့တွင် နှစ်ရှည်ရော်ဘာ အစေးခြစ်လုပ်ငန်းဖြင့် နှစ်စဉ်ဝင်ငွေတိုးပွား

မိုင်းယု ဩဂုတ် ၁၄

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် နယ်စပ်ဒေသမိုင်းယုမြို့ရှိ ဒေသခံ တောင်သူများ နှစ်ရှည်ရော်ဘာများစိုက်ပျိုးထား၍ အစေးခြစ်ခြင်းလုပ်ငန်းများ လုပ်ကိုင်ရောင်းချ လျက်ရှိရာ မိသားစုအတွက် နှစ်စဉ်တစ်ဖက်တစ်လမ်းမှ အပိုဝင်ငွေတိုးပွားလျက်ရှိသည်။

မိုင်းယုမြို့ တွင် တောတောင်ရေမြေအရ ကောင်းမွန်လျက်ရှိ၍ လယ်နှင့် နှစ်ရှည်ရော်ဘာ ပင်များကို အဓိက အားထား စိုက်ပျိုးပြီး လယ်များတွင် စပါးစိုက်ပျိုးထားပြီဖြစ်၍ ယခုအခါ မိမိတို့၏ နှစ်ရှည် ရော်ဘာခြံ များအတွင်းဝင်ရောက်ကာ ရော်ဘာအစေးခြစ်ခြင်းလုပ်ငန်းကို တဖန်ပြန်လည်လုပ်ကိုင်ကာ ရရှိလာသည့် ရော်ဘာအစေးအစိုများကို ဒေသတွင်း ကုန်သည်များထံ ပြန်လည်ရောင်းချနေကြ ကြောင်း၊ ရော်ဘာအစေးခြစ်ခြင်းလုပ်ငန်းကို ဧပြီလ(တတိပတ်)မှ နိုဝင်ဘာလ အထိ လုပ်ကိုင် လျက်ရှိပြီး ကျန်လများတွင် ရော်ဘာခြံအတွင်း ပေါင်းရှင်းပေးခြင်း၊ မြေဩဇာကျွေးခြင်းများသာ လုပ်ပေးလျက် ရှိကြောင်း၊ မိုင်းယုတွင် နှစ်ရှည်ရော်ဘာပင်များ ဧကများစွာ စိုက်ပျိုးထားလျက် ရှိပါကြောင်း ရော်ဘာစိုက်ပျိုးသူထံမှ သိရသည်။ ရရှိလာသည့် ရော်ဘာအစိုနှင့် အစိမ်းပြားများကို တောင်သူအချို့မှာ ဒေသတွင်းရှိ ကုန်သည်များထံနှင့် အသေးစား ရော်ဘာပြားထုတ်လုပ်စက်ရုံသို့ ရောင်းချကြသော်လည်း အများစုအနေဖြင့် တရုတ် နိုင်ငံသို့ အများဆုံး တင်ပို့ရောင်းချကြကြောင်းနှင့် ယခုလက်တလောတွင် ကိုဗစ်ရောဂါအခြေအနေများကြောင့် နယ်စပ် ကုန်သွယ်ရေးလမ်းကြောင်း ဖြစ်သည့် မိုင်းယု-ကျိန်းယဲန်းတံတားအား ယာယီပိတ်ထား၍ တောင်သူတို့ ဒေသတွင်းရှိ ကုန်သည် များထံနှင့် အသေးစားရော်ဘာပြားထုတ်လုပ်စက်ရုံတို့တွင်သာ ရောင်းချနေလျက်ရှိ ကြောင်းနှင့် ယခုနှစ် လက်ရှိ ရော်ဘာစေးအစို တစ်ကီလိုလျင် ငွေကျပ်(၁၀၀၀)ထိရရှိပြီး ကြိတ်ပြီး ရော်ဘာအစိမ်းပြား တစ်ကီလိုလျင် ကျပ် ၁၃၀၀နှင့် ၁၅၀၀အကြားပေါက်ဈေးရှိပါကြောင်း အသေးစား ရော်ဘာပြားထုတ် လုပ်စက်ရုံပိုင်ရှင်တစ်ဦးကပြောသည်။

ကိုကိုနိုင်(မိုင်းယု)