ကျောက်ဖြူ သြဂုတ် ၁၄
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပေးနှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများပူးပေါင်းကာ မြို့ပေါ်ရပ်ကွက်များရှိ ဈေးများနှင့် လူစည်ကားရာနေရာများသို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ် ဦးဆောင်သည့်ပူးပေါင်းအဖွဲ့တို့က လူစည်ကားရာနေရာများဖြစ်သော မြို့မဈေးကြီးနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဈေးများ၊ လမ်းဆုံ၊လမ်းခွနေရာများနှင့် ကားဂိတ်များသို့ သွားရောက်ပြီး ဆိုင်ခန်း အသီးသီးတွင် ဈေးရောင်းချနေသူများ၊ အငှားယာဉ်မောင်းနှင်နေသူများနှင့် လမ်း သွား၊လမ်းလာပြည်သူ များကို ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့် လက်ကိုစက္ကန့် ၂၀ ကြာ စနစ်တကျ ဆေးကြောနည်းများ၊ နှာခေါင်းစည်း(Mask)စနစ်တကျတပ်ဆင်နည်းများစသည့် အသိပညာပေးများအား ဆောင်ရွက်ပေးပြီး၊ နှာခေါင်းစည်း(Mask) အခု ၅၀၀ ကျော်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
ယင်းနောက် အဆိုပါဝန်ထမ်းများသည် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်၍ ပြည်သူများသိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသိပေးနှိုးဆော်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များပါရှိသည့် အသိပညာပေးဗီနိုင်းပိုစတာကားချပ်များအား အများ မြင်သာသည့်နေရာများတွင် ချိတ်ဆွဲပြသခြင်းများကို ဆောင်ရွက်ခဲ့ကာ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
တင်ထွန်းဦး၊ ဖြိုးဝေလင်း