ကျောက်ဆည်၊ ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရေကြည်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ လုပ်ကွက်ငယ်တောင်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ထုတ်လုပ်သူ များနှင့် အသေးစားစီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများအတွက် လိုအပ်သောငွေကြေး အရင်းအနှီးများ ရရှိစေနိုင်ရန် ၊ ရရှိလာသော ငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေ တိုးပွားစေရန်၊ တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေ ထူထောင်၍ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၀)နာရီက ကျေးရွာမတည်ရန်ပုံငွေများကို ဒုတိယအကြိမ်မြောက်ဆက်လက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာမတည်ရန်ပုံငွေများ ထုတ်ချေးပေးရာတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးဒေါ်သင်းသင်အေးနှင့် ဝန်ထမ်းများက ရေကြည်ကျေးရွာရှိ(A)အဆင့် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူ (၆၆)ဦးအတွက်ငွေကျပ်(၁၉၈)သိန်း၊ (B)အဆင့်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင် နေသူ (၄၀)ဦးအတွက် ငွေကျပ် (၈၀)သိန်း၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်နေသူ(၉)ဦးအတွက် ငွေကျပ်(၂၇)သိန်း ၊ စုစုပေါင်း ငွေကျပ်(၃၀၅)သိန်း ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာမတည် ရန်ပုံငွေများ ကိုရေကြည်၊ ရှင်ငယ်ကျ၊ ဒါန်း၊ ထားဝယ်၊ ရဲ၊ အုတ်ဖို၊ လက်ပန်ဇင်၊ မြေစို၊ ရွှေအင်း၊ ရေတွင်းပြည့်ကျေးရွာများ၌မိသားစုဝင်ငွေတိုပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်စေရန် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်မှ စတင် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။တင်တင်ထွေး