ဟိုပန်မြို့နယ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဟိုပန်   ဩဂုတ်    ၁၄

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ဟိုပန်မြို့တွင် ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ယမန်နေ့ နံနက် ၁၀နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအစည်းအဝေးခန်းမတွင် တိုင်း/ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံပြန်မှုကော်မတီ အဖွဲ့များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးညီနပ်က ဟိုပန်မြို့၊ ဈေးရပ်ကွက်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားလာသည့်အတွက် ထိန်းချုပ်နိုင်ရန် အရေးကြီးကြောင်း၊ ပြည်သူ များ အနေဖြင့်ကျန်းမာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ဆိုင်ရာ ညွှန်ကြား ချက်များကို လိုက်နာရန်လိုအပ်ကြောင်း၊ ဈေးဆိုင်များ၊ စားသောက်ဆိုင်များ စည်းကမ်း လိုက်နာရေးထိန်းသိမ်းကြပ်မတ်သွားရန်၊ ဌာနဆိုင်ရာများပေါင်းစပ်မှုအား ကောင်းကောင်း ဖြင့် ပူးပေါင်းဆောင်ရွက်သွားရန်မှာကြားခဲ့ပါသည်။

ထို့နောက် မြို့နယ်ကော်မတီဝင်များဖြစ်သည့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ စည်ပင် သာယာရေး ဦးစီးဌာနအမှုဆောင်အရာရှိ၊ မြို့နယ်ဆရာဝန်ကြီး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးတို့က ဈေးရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုအခြေအနေ၊ ဈေးပြောင်းရွှေ့ ဖွင့်လှစ်ရန်လျာထားမှုအခြေအနေ၊ ဈေးသည်များအား RDT Test Kit ဖြင့် ကျန်းမာရေး စစ်ဆေးရန် ပြင်ဆင်ထားရှိမှုအခြေအနေ၊ ဈေးဆိုင်၊ စားသောက်ဆိုင်များအား စစ်ဆေး ကြပ်မတ်မည့်အစီအစဉ်တို့ကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ဖြစ်သည့်  ဒုတိယဗိုလ်မှူးကြီးအောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီးစိုးပိုင်၊ လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူးဦးမျိုးညွှန့်၊ ဦးထွန်းထွန်းဝင်း (ညွှန်ကြားရေးမှူး)အတွင်းရေးမှူးတို့က ဖြည့်စွက်ဆွေးနွေး တင်ပြခဲ့ကြ သည်။

ဆွေးနွေးတင်ပြချက်များအပေါ် ဥက္ကဋ္ဌ ဦးညီနပ်က ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး
လုပ်ငန်းများအား အမြန်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်း
သိရသည်။

သိန်းအောင်