မိုင်းယောင်းမြို့တွင် ကိုဗစ်-၁၉ကာလအတွင်း ဝန်ထမ်းများအား အခြေခံစားသောက်ကုန် များ၊ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်

မိုင်းယောင်း ဩဂုတ် ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကာလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များနှင့် ကျန်းမာရေး အထောက်အကူ ပြုပစ္စည်းများကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။

ယင်းသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူက ကိုဗစ်-၁၉ တတိယလှိုင်းအတွင်း ဝန်ထမ်းများအနေနှင့် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ၊ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ ကိုဗစ်-၁၉ကို မိမိတို့၏ ဝန်ထမ်း မိသားစုများသည်လည်း ရင်ဆိုင်ကျော်ဖြတ်နေရသည့်အတွက် ဝန်ထမ်းမိသားစုများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရေးကိုလည်း ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ ယနေ့ ဖြစ်ပွားနေသည့် ကပ်ရောဂါကို အကောင်းဆုံးနှင့် ကျန်းမာစွာရင်ဆိုင်ကျော်ဖြတ် ကြရမည် ဖြစ်ကြောင်း အားပေးစကားပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေမြတ်သူနှင့် တာဝန်ရှိသူများက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း ဝန်ထမ်းများ အားလုံးကို ဆန်၊ စားသုံးဆီ၊ ကြက်သွန်နီ စသည့် အခြေခံစားသောက်ကုန်များ၊ Face Shield နှင့် Mask များ စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အထောက်အကူပြုပစ္စည်းများကို အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း