မိတ္ထီလာ သြဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နှင့် မြို့ပြကွာဟမှုများ ကျဉ်းမြောင်း စေရန်၊ ကျေးလက်နေပြည်သူများ ခေါင်းဆောင်မှု တိုးတက်လာစေရန်နှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP) ရန်ပုံငွေ ကျပ်သိန်း(၁၀၀)ထောက်ပံ့ပေးပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP) ရန်ပုံငွေဖြင့် မြို့နယ် အတွင်းရှိ ကျေးရွာ(၁၆)ရွာတွင် ကျေးရွာတစ်ရွာလျှင် နိုင်ငံတော်မှ ထောက်ပံ့ငွေကျပ် သိန်း(၁၀၀) နှုန်းနှင့် ကျေးရွာလူထုထည့်ဝင်ငွေ၊ လူထုလုပ်အားများပူးပေါင်းပြီး ကျေးရွာ၏ အခြေခံလိုအပ်ချက်ဖြစ်သော ရေရရှိရေးလုပ်ငန်းနှင့် ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းဖြစ်သည့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ရေဆုံး၊ လေးမျက်နှာ၊ ကျောင်းကုန်း၊ ရိုးကန်၊ မရမ်း၊ ခင်ကြီး၊ ညောင်ပင်သာ၊ ဆင်ချီတိုင်၊ ရွာသစ်၊ လျှော်ပင်၊ မြေတိုင်ကန်၊ အိုးမတွေ့၊ ရာသင်္ချာ၊ လိန်ပင်ကျေးရွာများတွင် ဆောင်ရွက်ခြင်းနှင့် မုံတောကျေးရွာ ကျေးရွာတွင်းလမ်းအား ကျောက်ချော လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး သဖန်းကျေးရွာတွင် ရေရရှိရေးလုပ်ငန်းများဖြစ်သည့် စက်ရေတွင်းတူးဖော်ခြင်း၊ အုတ်ရေကန်တည်ဆောက် ခြင်း၊ ဆိုလာပန့် တပ်ဆင်ခြင်းနှင့် ကျေးရွာတွင်း ရေပိုက်သွယ်တန်းခြင်းလုပ်ငန်းများဆောင်ရွက်ရာ ၎င်းလုပ်ငန်းများမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်၍ အဆိုပါလုပ်ငန်းများ ပြီးစီးမှုအခြေအနေများကို ယနေ့နံနက်က မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အထိ ကျေးရွာ (၄၉)ရွာကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)