မိုင်းပျဉ်း ဩဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်း၍ လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ကြက်ခြေနီအသင်း၏ ကူညီဆောင်ရွက်မှုဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ဩဂုတ် ၁၃ ရက်က အဆိုပါ ဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ခင်သန္တာက Talk Show ဆွေးနွေးရခြင်း ရည်ရွယ်ချက်ကို ပြောကြားကာ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ကြက်ခြေနီအသင်း၏ ကူညီဆောင်ရွက်မှုဆိုင်ရာ များနှင့်ပတ်သက်၍ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးမင်းလွင်က မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများ၊ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် အရေးပေါ်ဆေးရုံတက်ရောက်ရန် လိုအပ်သည့် လူနာတွေကို အချိန်မီဆေးရုံပို့ဆောင်ရေး၊ အသွားအလာ စောင့်ကြည့်ရေးစခန်းများ၊ မြို့အဝင်အထွက်ဂိတ်များတွင် လိုအပ်သည့်အကူအညီတွေကို ကြက်ခြေနီစေတနာ့ လုပ်အားရှင်များက တတ်စွမ်းသမျှပါဝင်၍ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်းများနှင့်အတူ ထောက်ပံ့ ကူညီ ဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားထားသည့် ကိုဗစ်-၁၉ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ပူးပေါင်းလိုက်နာ ဆောင်ရွက်ပေးခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးသည်။
အဆိုပါအသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ် အပြည့်အစုံကို We Love Mine Pyin Facebook Page တွင် ထုတ်လွှင့် တင်ဆက်ပေးသွားမည်ဖြစ်ပြီး မိုင်းပျဉ်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ Talk Show ဆွေးနွေးပွဲ အစီအစဉ်များ၊ စာအုပ်မိတ်ဆက်ခြင်း၊ ရုပ်ပုံပြ ပုံပြင်ပြောခြင်းနှင့် ကဗျာရွတ်ဆိုခြင်း စသည့် အစီအစဉ်များ ရိုက်ကူး၍ We Love Mine Pyin Facebook Page နှင့် မိုင်းပျဉ်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook Page တို့တွင် အပတ်စဉ် ထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်