မိုင်းယောင်း၌ ရေရရှိရေးလုပ်ငန်းအတွက် ရန်ပုံငွေများ ပေးအပ်

 

မိုင်းယောင်း ဩဂုတ် ၁၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ရှမ်းပြည်နယ်အစိုးရ၏ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၂၀၀ ဖြင့် ရေရရှိရေးလုပ်ငန်းဆောင်ရွက်မှုအပေါ် တတိယအရစ်အဖြစ် ရန်ပုံငွေ ၂၅ ရာခိုင်နှုန်း ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးဇော်နိုင်လင်းက ရန်ပုံငွေပေး အပ်ခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ယမ်းမရွာ စိမ့်စမ်းရေသွယ်ယူခြင်းအတွက် ရန်ပုံငွေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌကလည်းကောင်း၊ ဝမ်ရှဲန်းရွာ စိမ့်စမ်းရေ သွယ်ယူခြင်းအတွက် ရန်ပုံငွေကို ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်ကလည်း ကောင်း၊ ပါလောင်းရွာ ရေလောင်ကန်နှင့် ရေပိုက်သွယ်တန်းခြင်းအတွက်ရန်ပုံငွေကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦးကလည်းကောင်း၊ ဝမ်လဲရွာ စိမ့်စမ်းရေသွယ်ယူ ခြင်းအတွက် ရန်ပုံငွေကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းစိုးစိုးကလည်းကောင်း၊ ပါပျက်ရွာ ရေလောင်ကန်နှင့် ရေပိုက်သွယ်တန်းခြင်းအတွက် ရန်ပုံငွေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုင်းဘွန်းစီကလည်းကောင်း သက်ဆိုင်ရာ ကျေးရွာအုပ်စု စီမံအုပ်ချုပ်ရေးမှူးများထံ တတိယအရစ် ရန်ပုံငွေများကို အသီးသီး ပေးအပ်ခဲ့ကြသည်။

 

မိုင်းယောင်းမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၂၀၀ ဖြင့် ဝမ်ဘိုးအုပ်စု၊ ယမ်းမရွာနှင့် ဝမ်မန်းအုပ်စု၊ ဝမ်ရှဲန်းရွာတို့၏ စိမ့်စမ်းရေသွယ်ယူခြင်း(၁ ဒသမ ၅ မိုင်)စီအတွက် ခွင့်ပြုရန်ပုံငွေ ၃၈ သိန်းစီ၊ ဟောင်ကြန့်အုပ်စု၊ ပါလောင်းရွာ၏ ရေလောင်ကန်(အလျား ၁၂ ပေ၊ အနံ ရှစ်ပေ၊ အမြင့် ခြောက်ပေ)နှင့် ရေပိုက်သွယ်တန်းခြင်း(တစ်မိုင်)အတွက် ခွင့်ပြုရန်ပုံငွေ သိန်း ၄၀၊ ဝမ်တပ်အုပ်စု၊ ဝမ်လဲရွာ စိမ့်စမ်းရေသွယ်ယူခြင်း(၂ ဒသမ ၅ မိုင်)အတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၄၈ သိန်းနှင့် မုန်းလိုက်အုပ်စု၊ ပါပျက်ရွာ ရေလောင်ကန်(အလျား ၁၂ ပေ၊ အနံ ရှစ်ပေ၊ အမြင့် ခြောက်ပေ)နှင့် ရေပိုက်သွယ်တန်းခြင်း(ခြောက်ဖာလုံ)အတွက် ခွင့်ပြုရန်ပုံငွေ ၃၆ သိန်းတို့ ဖြစ်ကြကာ ပထမအရစ် ၂၅ ရာခိုင်နှုန်းကို မေ ၂၈ ရက်တွင်လည်းကောင်း၊ ဒုတိယအရစ် ၂၅ ရာခိုင်နှုန်းကို ဇူလိုင် ၉ ရက်တွင်လည်းကောင်း အသီးသီးထုတ်ပေးပြီးကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

စိုင်းအောင်ဇော်လင်း