မိုင်းတုံမြို့ ကိုဗစ်-၁၉ ရောဂါ စစ်ဆေးရေးဂိတ်တွင် အမျိုးသား(၂)ဦးထံမှ ကိုဗစ်ပိုးထပ်မံတွေ့ရှိ

မိုင်းတုံ   ဩဂုတ်   ၁၃

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့အဝင် ကိုဗစ်-၁၉ရောဂါ စစ်ဆေးရေးဂိတ်တွင် ယနေ့နံနက် (၉)နာရီခွဲက  တောင်ကြီးမြို့မှ မိုင်းဆတ်မြို့သို့လာသည့် ယာဉ်မောင်းတစ်ဦးနှင့် ခရီးသည် တစ်ဦးထံမှ ကိုဗစ်ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

မိုင်းတုံမြို့အဝင် စစ်ဆေးရေးဂိတ်တွင် ယနေ့‌ နံနက်ပိုင်းက တောင်ကြီးမြို့မှလာသည့် ယာဉ်အမှတ် FF/----ယာဉ်မောင်း အသက်(၄၄)နှစ်၊ တောင်ကြီးမြို့နေထိုင်သူနှင့် ယာဉ်အမှတ် EG----ယာဉ်ဖြင့် လိုက်ပါ လာသည့်ခရီးသည်(၄)ဦး တို့အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အသက်(၂၃)နှစ်ရှိ ခရီးသည်အမျိုးသား တစ်ဦးနှင့် ယာဉ်အမှတ် FF/----ယာဉ်မောင်း အသက်(၄၄)နှစ်ရှိ အမျိုးသားတစ်ဦးတို့ထံမှ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၂)ဦးအား မိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တွင် ဆေးကုသပေးလျက်ရှိပြီး ယနေ့ထိ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း(၃၇)ဦးရှိပြီး ကျန်းမာ‌ရေးကောင်းမွန်သဖြင့်အိမ်ပြန်ခွင့်ရရှိသူ (၂၅)ဦးရှိပြီ ဖြစ်ကြောင်းသိရသည်။

ဝင်းဝင်းခိုင်