ဘူးသီးတောင် ဩဂုတ် ၁၃
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များ၊ လမ်းဆုံလမ်းခွနေရာများသို့ သွားရောက်၍ အသိပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့သည်။
ထိုသို့အသိပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှ ဧည့်သည်များလက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း mask ကို စနစ်တကျ တပ်ဆင်ရန်နှင့် maskမတပ်သူများထံမှ ဈေး၀ယ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး ရှိသောနေရာများကိုရှောင်ကြဉ်ရန်၊ လက်ကို မကြာခဏဆေးရန် ၊ လက်မဆေးဘဲပါးစပ် ၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ အပြင်မှ ပြန်လာတိုင်း maskများကို စနစ်တကျစွန့်ပစ်ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူရန်၊ ကိုဗစ်၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို ၊နှလုံး ၊ သွေးတိုးရှိသူများကိုကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ကိုပါ ထိခိုက်နိုင်သဖြင့် မိဘပြည်သူများမှ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြစေလိုရန်တိုက်တွန်းနှိုးဆော်မှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)