ပုဏ္ဏားကျွန်း ဩဂုတ် ၁၃
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ကူညီဆောင်ရွက် ပေးနေတဲ့ ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်(PNG Development Youth Organization) အသင်းမှ ပြန်ကြားရေးတာဝန်ခံ ကိုထူးလွင် အားတွေ့ဆုံ မေးမြန်းထားတာ ဖြစ်ပါတယ်။
မေး - "မင်္ဂလာပါ" အသင်း နာမည်နဲ့ပတ်သက်ပြီးတော့ မိတ်ဆက်ပေးပါ ခင်ဗျာ။
ဖြေ - မင်္ဂလာပါ ကျွန်တော်နာမည်ကတော့ မောင်ထူးလွင် ဖြစ်ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း (PNG Development Youth Organization)မှာ ပြန်ကြားရေးတာဝန်ကို ယူထားတာဖြစ်ပါတယ်။
မေး - ဟုတ်ကဲ့ပါ PDYO အသင်း အနေနဲ့ လူမှုကူညီရေးအသင်းကို ထူထောင်ခဲ့တဲ့ ရည်ရွယ်ချက်လေးကို သိပါရစေ ခင်ဗျာ။
ဖြေ - ကျွန်တော်တို့ရဲ့ အသင်းဟာ ပုဏ္ဏားကျွန်းမြို့နယ် ဖွံဖြိုးတိုးတက်ရေးအတွက် အဓိက ရည်ရွယ်ပါတယ်။ ကျနော်တို့အသင်း၏ ရေရှည် Plan ကတော့ လူငယ်အင်အားစုကို စုပေါင်းပြီး ရခိုင်တစ်မျိုးသားလုံး၏ အကျိုးစီးပွား ကောင်းကျိုးသာယာရေးအတွက် ရည်ရွယ်ပါတယ် ခင်ဗျာ။
မေး - လူမှုကူညီရေးအသင်းကို တည်ထောင်ခဲ့တဲ့ ခုနှစ်၊ ဦးဆောင် ဦးရွက်ပြုနေတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဖွဲ့ဝင် အရေအတွက် ဘယ်လောက်ရှိပါသလဲ ခင်ဗျာ။
ဖြေ - ကျွန်တော်တို့ရဲ့ အသင်းကို တည်ထောင်ခဲ့တဲ့ ခုနှစ်ကတော့ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ(၁၄)ရက်နေ့ ဖြစ်ပါတယ်။ ဦးဆောင်ဦးရွက်လုပ်နေသူကတော့(၁၀)ဦးရှိပြီး အဖွဲ့ဝင် ဦးရေ စုစုပေါင်း(၂၀)ဦး ရှိပါတယ် ခင်ဗျာ။
မေး - ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်းမှာ အသင်းက ကူညီပေးနေမှုများကို သိချင်ပါတယ်။
ဖြေ - ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်ပြီးတော့ ကျွန်တော်တို့ မြို့နယ်မှာ လိုအပ်တဲ့ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ ရှေ့တန်းကနေပြီးတော့ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေး နေတာတွေရှိပါတယ် ခင်ဗျာ။
မေး - အသင်းက ကူညီဆောင်ရွက် ပေးနေတဲ့ လုပ်ငန်းတွေထဲက ကိုဗစ်-၁၉ လူနာတွေနဲ့ ပြည်သူ့ဆေးရုံတွေမှာ ကူညီဆောင်ရွက်ပေးနေမှုများကို သိချင်ပါတယ် ခင်ဗျာ။
ဖြေ - ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး တော့ Positive လူနာတွေရော၊ သံသယ လူနာတွေပါ သူတို့ နေအိမ်ကနေ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးတာတွေ၊ပြီးတော့ ဆေးရုံဆင်းလူနာတွေကိုပါ မိမိနေအိမ်သို့ ပို့ဆောင်တဲ့ဟာတွေ၊ နောက်ပြီးတော့ ပိုးတွေ့လူနာတွေ သေဆုံးသွားတဲ့အခါ မဟာမိတ် အသင်းတွေနဲ့ပူးပေါင်းပြီး သင်္ဂြိုလ် ပေးတာတွေရှိပါတယ်၊ ပိုးသတ်ဆေးဖျန်းတဲ့ ကိစ္စနေရာတွေမှာလည်း မိမိ တို့အဖွဲ့အနေနဲ့ ပူးပေါင်းကူညီဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။
မေး။ ။ လူမှုကူညီရေး လုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါ ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ ရှိရင်ပြောပြပေးပါ။
ဖြေ - ကျွန်တော်တို့ လူမှုရေးလုပ်တဲ့အခါမှာတော့ အခက်အခဲတွေက အများကြီးရှိပါတယ်၊ ဘဏ္ဍာရေး ငွေကြေးမလုံ လောက်တာမျိုး၊ လူနာသယ်ယူတဲ့ လမ်းကြောင်းတွေမှာ ဆီမလုံလောက်တာတွေ၊ ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီးတော့ PPE ဝတ်စုံတွေ၊ Face Shield တွေက အများကြီးလိုအပ်တာတွေ ရှိပါတယ် ခင်ဗျာ။
မေး - ပရဟိတ စိတ်ဓာတ်တွေနဲ့ ဆောင်ရွက်ရပြီး၊ သိပ်ကို မွန်မြတ်လှတဲ့ လုပ်ငန်းဖြစ်တာကြောင့် ပီတိစကားသံတွေကိုလည်း ကြားချင်ပါတယ် ခင်ဗျာ။
ဖြေ - ကျွန်တော်တို့ရဲ့အသင်းအနေဖြင့် ပီတိစကားလေးတွေဆိုတော့ လူအများအတွက် လုပ်ပေးရတာကို ဂုဏ်ယူတယ်ပေါ့၊ အခက်အခဲရောက်နေတဲ့ ပြည်သူတွေကို ကိုယ်ကျိုးမပါပဲနဲ့ ကူညီပေးရတဲ့အတွက် အများကြီးမွန်မြတ်လှတယ်လို့ အမြဲခံယူမိပါတယ် ခင်ဗျာ။
မေး - အသင်းရဲ့ကိုယ်စား ပြောချင်တာတွေများရှိရင် ဖြည့်စွက်ပြီးပြော ကြားပေးပါ ခင်ဗျာ။
ဖြေ - ကျွန်တော်တို့ရဲ့ အသင်းကိုယ်စားဖြည့်စွက်ပြီး ပြောချင်တာကတော့ ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်လူရွယ်တွေအကုန်လုံးပူးပေါင်း ဆောင်ရွက် စေချင်ပါတယ်၊ Member သစ်တွေ၊ အဖွဲ့ဝင်သစ်တွေကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုလျက်ပါလို့ ပြောချင်ပါတယ်။
တွေ့ဆုံမေးမြန်းသူ-သိန်းတန်အောင်
သတင်းရိုက်ကူးသူ- နီထွန်းအောင်