တာချီလိတ် ဩဂုတ် ၁၃
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာရှိ ဝမ်ပုံဆိပ်ကမ်း၌ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၀၁)ဦးကို ယမန်နေ့၊ နေ့လယ် ၁ နာရီအချိန်က တာချီလိတ်မြို့နယ်မှ တာဝန်ရှိသူများက နွေးထွေးစွာကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ လာအိုနိုင်ငံမှ လွှဲပြောင်းလာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား(၃၀၁)ဦးမှာ အမျိုးသား (၂၀၀)ဦး နှင့် အမျိုးသမီး (၁၀၁)ဦးတို့ဖြစ်ပြီး ၎င်းတို့အား တာချီလိတ်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit စနစ်ဖြင့် စစ်ဆေးဆောင်ရွက်ပေးခဲ့ရာစစ်ဆေး ချက်အဖြေအရ နေရပ်ပြန်ပြည်သူ ကိုးဦးထံတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိခဲ့ပြီး ကျန်ပြည်သူ (၂၉၂)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိ Negative အဖြေထွက်ရှိခဲ့သည်။ ပိုးတွေ့ရှိသည့် နေရပ်ပြန်ပြည်သူ ကိုးဦးကို အားကစားရုံခန်းမနှင့် ဝမ်လုံ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေး စင်တာများတွင်ထားရှိကာ ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိကြောင်း သိရသည်။
လာအိုနိုင်ငံမှလွှဲပြောင်းလာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၃၀၁)ဦးအနက် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ရှိသည့် နေရပ်ပြန် ပြည်သူ(၂၉၂)ဦးအား စစ်ဗျူဟာအဖွဲ့(အခြေချ)၊ တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့ဝင်များက နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြပြီး ၎င်းတို့အား သက်ဆိုင်ရာနေရပ်အသီးသီးသို့ ရောက်ရှိနိုင်ရေးအတွက် အခမဲ့ မော်တော်ယာဉ်များစီစဉ်ပေးခြင်း၊ စားသောက်ဖွယ်ရာများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ ထောက်ပံ့ငွေများလှူဒါန်းပေးခြင်းနှင့် နေရပ်ပြန်ပြည်သူများကို အားပေးစကားများပြောကြားခဲ့ကာ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးပြီးနေရပ်များသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ယာဆေး(ပြန်/ဆက်)