ကျောက်ဖြူ ဩဂုတ် ၁၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ အထူးကြပ်မတ်ဆောင်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် တက်ရောက် ဆေးကုသမှုခံယူနေသူများအနက် ရောဂါသက်သာပျောက်ကင်းသူ ခုနှစ်ဦးအား ယနေ့၊ နံနက်ပိုင်းက ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီး ဆေးရုံးဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၇၈ ဦး ရှိကြောင်း ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရှိရသည်။
ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးရှိ Fever Cornerနှင့် ဇင်ချောင်း/စနဲ တိုက်နယ်ဆေးရုံများသို့ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ် စသည့် ကိုဗစ်-၁၉ သံသယရောဂါလက္ခဏာဖြင့် လာရောက်ပြသသူများ၊ ရောဂါကူးစက်ခံရသူတို့နှင့်ထိတွေ့ ဆက်စပ်သူများနှင့် Stay at Home ဒေသများမှပြန်လည်ရောက်ရှိ လာသူများအား Quarantine Cnter ထားရှိပြီး (RDT) Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ တွေ့ရှိသူ ၁၃ ဦးတွေ့ရှိခဲ့သည်။ ကိုဗစ်-၁၉ ရောဂါလက္ခဏာမပြပဲ သက်သာပျောက်ကင်းသူ ခုနှစ်ဦးအား သမားတော်နှင့် တာဝန်ကျသူနာပြုဆရာမတို့က မိမိနေအိမ်တွင် (Stay at Home) အဖြစ် ခုနစ်ရက် အသွား အလာကန့်သတ်ကာ သီးသန့်နေထိုင်ရမည်ဖြစ်ပြီး ကျန်းမာရေး ဆိုင်ရာလမ်းညွှန်ချက်များကို တိကျစွာလိုက်နာကြရန်မှာကြားပြီး ဆေးရုံဆင်းလက်မှတ်ပေးအပ်ခဲ့သည်။ ဆေးရုံဆင်းခွင့်ရရှိ သူများအား ကျောက်ဖြူမြို့ရှိပရဟိတအဖွဲ့များက နေအိမ်သို့ အသီးသီးပြန်လည် ပို့ဆောင်ပေး ခဲ့ကြသည်။
ကျောက်ဖြူမြို့နယ်တွင် ဇူလိုင်လ ၃ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့၊ ညနေ ၅ နာရီအထိ ကိုဗစ်-၁၉ ရောဂါစစ်ဆေးအတည်ပြုသူ စုစုပေါင်း ၄၀၉ ဦးအထိရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း ၂၇၈ ဦး၊ ဆေးရုံတွင် ဆေးကုသမူခံယူနေသူ စုစုပေါင်း ၉၄ ဦးနှင့် သေဆုံးသူ စုစုပေါင်း ၃၇ ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှသိရသည်။
ဖြိုးဝေလင်း၊တင်ထွန်းဦး(ပြန်/ဆက်)