မလှိုင်၊ ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ AE ဦးစိုးမိုး၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးဦးစန်းယု၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၊ မြို့နယ် ဦးစီးမှူး ဦးလှမိုးထွေးနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဆည်ရေသောက်ဧရိယာအတွင်း မိုးစပါး စိုက်ပျိုးရာတွင် အောင်ရေရရှိသည်ထိ အပြည့်အဝရေပေးဝေနိုင်ခြင်း ရှိ / မရှိ သိရှိနိုင်ရန် ဆည် များအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ဆည်တမံများ၏ ကြံ့ခိုင်မှုအခြေအနေများကို ယမန်နေ့က သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည် ။
မလှိုင်မြို့နယ်တွင် အစိုးရဆည်များဖြစ်သည့် သင်ပုန်းဆည်၊ ဆည်ရေသောက်ဧရိယာတွင် မိုးစပါး (၂၃၃) ဧက၊ ပုန်းမကြည်ဆည်ရေသောက်တွင်(၈၆) ဧက၊ ကျင်းသာဆည်ရေသောက် ဧရိယာတွင် (၁ဝ) ဧက ၊ စုစုပေါင်း (၃၂၉) ဧက စိုက်ပျိုးရန် သတ်မှတ်ထားသည့်အတွက် အဆိုပါ ဆည်များမှ မိုးစပါးစိုက်ပျိုးရာတွင် ပျိုးထောင်သည်မှ အောင်ရေရရှိသည်အထိ ရေပေးနိုင်ခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဆည်တမံများအတွင်း ရေဝင်ရောက်နေမှု အခြေအနေနှင့် ပတ်သက်၍ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ AE ဦးစိုးမိုး က သင်ပုန်းတမံတွင် ရေအသုံး ပြုနိုင်သည့်ပမာဏ ဧကပေ ( ၂၆၀၀) ကျော်ရှိပြီး လက်ရှိ အခြေအနေအရ စပါး စိုက်ဧက ( ၂၅ဝ မှ ၃ဝဝ) ကြား ရေပေးဝေ နိုင်ကြောင်း ၊ ထပ်မံပြီး ရေဝင် ရောက်လာပါက ဝမ်းတွင်းနယ်ရှိ တောင်ပုလုကန်နှင့် သပြေရိုးတမံ ရေသောက်ထိ ပေးနိုင်မှာဖြစ် ကြောင်း၊ ပုန်းမကြည်တမံနှင့်ကျင်းသာဆည် တို့တွင် လက်ရှိအခြေအနေတွင် ရေဝင်ရောက်မှု နည်းပါး၍ ရေပေးဝေနိုင်ခြင်းမရှိကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
တောင်သူများအနေဖြင့် ယခုကာလတွင် ဆည်ရေ မရရှိသေးသော်လည်း မိုးရေဖြင့်ပျိုးထောင် စိုက်ပျိုးထားရှိ သွားမည်ဖြစ်ပြီး နောက်ပိုင်းမိုး ရရှိလာပါက ဆည်မှ အောင်ရေရယူ စိုက်ပျိုးသွား မည်ဖြစ်ကြောင်းသိရသည်။ အောင်ဌေး(မလှိုင် )