ကမ္ဘာ့ဆင်များနေ့အခမ်းအနားအား ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ဆင်စခန်းအသီးသီးတွင် ကျင်းပ

ညောင်ဦး  ဩဂုတ်  ၁၃

ဩဂုတ်လ  ၁၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် အနာက်ပုလင်းကျေးရွာအနီးတွင် ဖွင့်လှစ်ထားသော ပလင်းကမ်းသာယာဆင်စခန်းဝင်းအတွင်းနှင့် ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် မှော်ယောကြီးဆင်စခန်းတို့တွင် ဆင်များအားဆင်စာဘူဖေးကျွေးခြင်းတို့ဖြင့် ကမ္ဘာ့ဆင်များနေ့အား ဩဂုတ် ၁၂ ရက်နေ့ နေ့ခင်း ၂နာရီခွဲအချိန်တွင် ကျင်းပခဲ့ကြောင်း ပလင်းကမ်းသာယာ ဆင်စခန်းတာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုထံက သိရသည်။

၂၀၂၀ပြည့်နှစ်၊ ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့အား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်ခြင်းကြောင့် လူစုလူဝေးဖြင့် မကျင်းပတော့ဘဲ ဆင်စခန်း တာဝန်ခံနှင့် ဆင်ဦးစီး၊ ဆင်ပဲ့ချိတ်များဦးဆောင်ကာ ဆင်စာဘူဖေးကျွေးခြင်းဖြင့်ကျင်းပခဲ့ကြောင်း သိရသည်။ ကမ္ဘာ့ ဆင်များနေ့အထိမ်းအမှတ်ကို ကမ္ဘာပေါ်ရှိဆင်များအား ကာကွယ်ထိန်းသိမ်းကြရန်ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှစတင်ကာ ကနေဒါနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့်ထိုင်းနိုင်ငံအခြေစိုက် Elephant Reintroduction Foundation တို့မှစတင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ကမ္ဘာ့ဆင်များနေ့အား ကူညီပံ့ပိုးပေးနေသည့် (Wildlife Organizations) နိုင်ငံပေါင်း (၇၀) နီးပါးရှိနေပြီးဖြစ်ကြောင်း ချင်းတွင်းဖောင်ဖွဲ့ ရေးဒေသ၊ လက်ထောက်အထွေထွေမန်နေဂျာ ဦးအောင်ဌေးမှ ပြောသည်။

ကမ္ဘာ့ဆင်များနေ့အား တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသည့် ဆင်စခန်း (၂၂) ခုလုံး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လူစု လူဝေးမဖြစ်စေဘဲ ဆင်စာဘူဖေးကျွေးခြင်းများဖြင့်ကျင်းပခဲ့ကြောင်း၊ ကျောက်တံခါးမြို့နယ်၊ မှော်ယောကြီးဆင်စခန်းတာဝန်ခံ လက်ထောက် မန်နေဂျာ၊ ဦးကျော်ကျော်ထွန်းမှရှင်းပြကာ ဆင်များအား နာနတ်သီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊ နေပီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူးတို့အား ဆင်စာဘူဖေးကျွေးခဲ့ကြောင်း သိရသည်။

ကိုထိန်၊ KPD