မလှိုင်မြို့နယ်တွင် မိုးစပါးစိုက်ပျိုးရန် ဆည်များ ရေဝင်ရောက်မှု ကွင်းဆင်းကြည့်ရှုစစ်ဆေး

 မလှိုင်  ဩဂုတ် ၁၂

 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စိုက်ပျိုးရေး ညှိနှိုင်းမှုအဖွဲ့ ဥက္ကဋ္ဌ၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်သည် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ AE ဦးစိုးမိုး ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးစန်းယု၊ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးလှမိုးထွေး နှင့် တာဝန်ရှိသူများလိုက်ပါလျှက်  ဆည်ရေသောက် ဧရိယာအတွင်း မိုးစပါးစိုက်ပျိုးရာတွင် အောင်ရေ ရရှိသည်ထိ အပြည့်အဝ ရေပေးဝေနိုင်ခြင်း ရှိ / မရှိ သိရှိ နိုင်ရန်  ဆည် များအတွင်း ရေဝင်ရောက်မှု အခြေအနေနှင့် ဆည်တမံများ၏ ကြံ့ခိုင်မှုအခြေအနေများကို ယမန်နေ့က သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။  

 

 မလှိုင်မြို့နယ်တွင် အစိုးရဆည်များဖြစ်သည့် သင်ပုန်းဆည်‌ ၊ ဆည်ရေသောက်ဧရိယာတွင် မိုးစပါး (၂၃၃) ဧက ၊ ပုန်းမကြည်ဆည်ရေသောက်တွင်(၈၆) ဧက ၊ ကျင်းသာဆည်ရေသောက် ဧရိယာတွင် (၁ဝ) ဧက ၊ စုစုပေါင်း (၃၂၉) ဧက စိုက်ပျိုးရန် သတ်မှတ် ထားသည့်အတွက် အဆိုပါ ဆည်များ မှ မိုးစပါးစိုက်ပျိုးရာတွင် ပျိုးထောင်သည်မှ အောင်ရေ ရ ရှိသည် အထိ ရေပေးနိုင်ခြင်းရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ထို့နောက် ဆည်တမံများအတွင်း ရေဝင် ရောက်နေမှု အခြေအနေနှင့် ပတ်သက်၍  ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှှ AE ဦးစိုးမိုး က သင်ပုန်းတမံတွင် ရေအသုံး ပြုနိုင်သည့်ပမာဏ ဧကပေ ( ၂၆၀၀) ကျော် ရှိပြီး လက်ရှိ အခြေအနေ အရ စပါး  စိုက်ဧက    ( ၂၅ဝ မှ ၃ဝဝ) ကြား ရေပေးဝေ နိုင်ကြောင်း ၊ ထပ်မံပြီး ရေဝင်‌ရောက်လာ ပါက ဝမ်းတွင်းနယ်ရှိ တောင်ပုလုကန်နှင့် သပြေရိုးတမံ ရေသောက် ထိ ပေးနိုင်မှာဖြစ်ကြောင်း၊ ပုန်းမကြည်တမံနှင့်ကျင်းသာဆည် တို့တွင် လက်ရှိ အခြေအနေ တွင် ရေဝင်ရောက်မှုနည်းပါး၍ ရေပေးဝေနိုင်ခြင်းမရှိကြောင်း ရှင်းလင်းပြောကြား ခဲ့သည် ။

 

 တောင်သူများအနေဖြင့် ယခုကာလတွင် ဆည်ရေ မရရှိ‌သေးသော်လည်း မိုးရေဖြင့် ပျိုးထောင် စိုက်ပျိုးထားရှိ သွားမည်ဖြစ်ပြီး နောက်ပိုင်းမိုး ရရှိလာပါက ဆည်မှ အောင်ရေ ရယူ စိုက်ပျိုးသွားမည် ဖြစ်ကြောင်းသိရသည် ။                                                                                                                                                

                                                                                                                            အောင်ဌေး(မလှိုင် )