မဟာအောင်မြေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ အ​​​​ထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန် အထူးရဲတပ်ဖွဲ့ဝင်များ ရွေးချယ်

မဟာအောင်မြေ သြဂုတ် ၁၃

မဟာအောင်မြေမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့်ပါတီစုံ အထွေထွေရွေးကောက်ပွဲတွင် မဲရုံ များ၌ တာဝန်ထမ်းဆောင်ရန် အထူးရဲများခန့်အပ်နိုင်ရေးစိစစ်ရွေးချယ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အထူးရဲများရွေးချယ်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်ဦးဆောင်ကာ အမှတ် (၉) စခန်းမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစိုးဝင်း၊ မြို့နယ်မီးသတ်စခန်း ဒုတိယစီးမှူး ဦးစိုးမင်းကျော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းဆီနှင့် ရပ်မိရပ်ဖတို့ပါဝင်သော မြို့နယ်ရွေးချယ်ရေးအဖွဲ့ဝင်များသည် လျှောက်ထားသူများနှင့် တွေ့ဆုံကာလိုအပ်သည်များကို မေးမြန်းခြင်းနှင့် ကျန်းမာရေးအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ လျှောက်လွှာလက်ခံခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

အထူးရဲ လာရောက်လျှောက်ထားသူများထဲမှ ရွေးချယ်ရေးအဖွဲ့က ရွေးချယ်ခံရသူများအား မဟာအောင်မြေမြို့နယ်အတွင်းရှိ အားကစားကွင်းကြီး၌ အောက်တိုဘာ (၁) ရက်နေ့မှစ၍ (၂၈) ရက်နေ့အထိ သင်တန်းများပေးပို့သင်ကြားသွားမည် ဖြစ်သည်။ သင်တန်းပေးခြင်းပြီးမြောက်သွားပါက အဆိုပါအထူးရဲများအား မြို့နယ်အတွင်းရှိ မဲရုံ (၈၂) ရုံတွင် လုံခြုံရေးကိစ္စများအား တာဝန်ယူ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း သိရသည်။

မခင်နှင်းဆီ