မြင်းခြံ ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ်(၄) ရပ်ကွက်တွင် ယနေ့ နံနက် ၇ နာရီ အချိန်ခန့်က အမည်မသိ လူတစ်စုမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်ရာ လူ (၂) ဦး ဒဏ်ရာ ရရှိပြီး (၈) လသားအရွယ် မိန်းကလေး (၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
မြင်းခြံမြို့၊ အမှတ် ၄ ရပ်ကွက်နေ ကိုငြိမ်းချမ်း(မုန့်ဟင်းခါးရောင်းသူ)သည် ဩဂုတ်လ ၁၂ ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်က နေအိမ်ရှေ့တွင် ၈ လ သားအရွယ်သမီးဖြစ်သူ မငြိမ်းငြိမ်းအား ပွေ့ချီလျက် မုန့်ဟင်းခါးရောင်းရန် ပြင်ဆင်နေစဉ် အမည်မသိလူ ၄ ဦးသည် ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ဆိုင်ကယ်ရပ်၍ "မုန့်ဟင်းခါး ခေါက်ဆွဲရလား" ဟု မေးကာ သေနတ်ဖြင့် ၄ ချက် ပစ်ခတ်၍ ဆိုင်ကယ်မောင်း၍ ထွက်ပြေးသွားခဲ့ကြောင်း၊ ယင်းပစ်ခတ်ခံရ မှုကြောင့် ကိုငြိမ်းချမ်းတွင် ယာလက်မောင်း ဖောက်ဝင် ၁ ချက်၊ ဝဲလက်မောင်း ရှပ်ထိ ၁ ချက်(မစိုးရိမ်ရ)၊ ၈ လသား မငြိမ်းငြိမ်းတွင် နဖူးဖောက်ဝင်ကာ နောက်စေ့ဖောက်ထွက် တစ်ချက်(သေဆုံး)၊ အိမ်အနီးဖြတ်သွားသူ အဆိုပါရပ်ကွက်နေ ဒေါ်တင်တင်မာ၊ ကျပန်းလုပ်သူတွင် ယာခြေမျက်စိအောက် ဖောက်ဝင် တစ်ချက်(မစိုးရိမ်ရ) ရရှိခဲ့ကြောင်း၊ အခင်းဖြစ်နေရာတွင် USA 380 AUTO တံဆိပ်ပါ ငွေရောင်ကျည်ခွံ ၂ ခုနှင့် ကျည် ၁ တောင့်၊ USA 380 AUTO တံဆိပ်ပါ ကြေးရောင် ကျည်ခွံ ၂ ခုနှင့် ကျည် ၂ တောင့် တွေ့ရှိခဲ့ကြောင်း သိရသည်။