ကမ္ဘာ့ဆင်များနေ့ အခမ်းအနား ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ဆင်စခန်း အသီးသီးတွင် ကျင်းပ

ညောင်ဦး  ဩဂုတ်  ၁၂

ဩဂုတ်လ  ၁၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ် ဂုဏ်ပြု အခမ်းအနားကို မြန်မာပြည်အရပ်ရပ်ရှိ တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် ဆင်စခန်းအသီးသီးတွင် ဆင်စာဘူဖေးကျွေးခြင်း များဖြင့် ကမ္ဘာ့ဆင်များနေ့ကို ကြိုဆိုခဲ့ကြကြောင်း ဆင်စခန်းတာဝန်ခံများထံက သိရသည်။

၂၀၂၁ ခုနှစ်၊ ဩဂုတ် ၁၂ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့အား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလဖြစ်ခြင်းကြောင့် လူစုလူဝေးဖြင့်မကျင်းပတော့ပဲ ဆင်စခန်း တာဝန်ခံ ဝန်ခံနှင့်ဆင်ဦးစီး၊ ဆင်ပဲ့ချိတ်များဦးဆောင်ကာ ဆင်စာဘူဖေး ကျွေးခြင်းဖြင့်ကျင်းပခဲ့ကြောင်းသိရသည်။

ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်ကို ကမ္ဘာပေါ်ရှိ ဆင်များအား ကာကွယ် ထိန်းသိမ်း ကြရန် ရည်ရွယ်ပြီး ၂၀၁၂ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှစတင်ကာ ကနေဒါနိုင်ငံ သား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့်ထိုင်းနိုင်ငံအခြေစိုက် Elephan Reintroduction Foundation တို့မှစတင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ကမ္ဘာ့ဆင် များ နေ့အား ကူညီပံ့ပိုးပေးနေသည့် (Wildlife Organizations) နိုင်ငံပေါင်း (၇၀)နီးပါးရှိနေပြီးဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်းမှ သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာ ကပြောကြားသည်။

ကမ္ဘာ့ဆင်များနေ့အား တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတွင်ဖွင့်လှစ်ထားသည့် ဆင်စခန်း (၂၂)ခုလုံး ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် လူစုလူဝေးမဖြစ်စေပဲ ဆင်စာဘူဖေး ကျွေးခြင်းများဖြင့်ကျင်းပခဲ့ကြောင်း  ဆင်များအား နာနတ်သီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊နေပီယာမြက်၊ ကိုင်းမြက်၊ဝါးရွက်၊ ပြောင်းဖူးတို့အား ဆင်စာဘူဖေးကျွေးခဲ့ကြောင်းသိရသည်။

ကိုထိန်၊KPD