ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းများအတွက် စိစစ်ရေးကတ်ပြားများ ထုတ်ပေး

နေပြည်တော် ဩဂုတ် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စေတနာ့ဝန်ထမ်းများအား စိစစ်ရေးကတ် နှင့် ကိုဗစ်-၁၉ရောဂါ လူနာများ သယ်ယူပို့ဆောင်ရေးယာဉ် စိစစ်ရေးကတ်များကို နေပြည်တော် ကောင်စီ၏ ဦးဆောင်မှုဖြင့် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနမှ ထုတ်ပေးလျက်ရှိသည်။

အဆိုပါ စိစစ်ရေးကတ်ပြားများကို ဩဂုတ်လ ၈ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ပြီး ယနေ့အထိ ထုတ်ပေးပြီးသည့် စေတနာ့ဝန်ထမ်း ၁၂၇ ဦး နှင့် အသင်းအဖွဲ့မော်တော်ယာဉ်ကား ၃၅ စီးရှိပြီ ဖြစ်သည်။ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက် ရှိသော စေတနာ့ဝန်ထမ်းများအား စိစစ်ရေးကတ်ပြား ထပ်မံထုတ်ပေးရန်အတွက် စိစစ် ဆောင်ရွက်လျက်ရှိပြီး သတ်မှတ်ချက်များနှင့် ကိုက်ညီပါက မည်သည့်အသင်းအဖွဲ့ကိုမဆို စိစစ်ရေးကတ်ပြားများ ထုတ်ပေးသွားမည်ဖြစ်ကြောင်း  လူမှုဝန်ထမ်းဦးစီးဌာနမှ သိရှိရသည်။ စိစစ်ရေးကတ်ပြားများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နေပြည်တော် လူမှုဝန်ထမ်းဦးစီးဌာနတို့မှ   မြေပြင်တွင် အမှန်တကယ် ဆောင်ရွက်နေသည့် အသင်းများ စာရင်းကို ပြုစုပြီး အဆင့်ဆင့်စိစစ်ကာ နေပြည်တော်ကောင်စီသို့ တင်ပြပြီး ထုတ်ပေးခြင်း ဖြစ်ကြောင်း နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ် ထံမှ သိရှိခဲ့ရပါသည်။

ပရဟိတလူမှုကူညီရေးအသင်းများအနေဖြင့် မြေပြင်မှာ အမှန်တကယ် ဆောင်ရွက် နေချိန် အခုလို စိစစ်ရေးကတ်များ ထုတ်ပေးခြင်းအားဖြင့် သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ စိတ်အေးအေး အလုပ်လုပ်လို့ရတဲ့အတွက် အဆင်ပြေကြောင်း၊ စနစ်တကျ လုပ်ဆောင်ချက်ဖြစ်သည့်အတွက် ပိုမိုကောင်းမွန်ပါကြောင်း၊ ပရဟိတအသင်းများအတွက် တန်ဖိုးကြီးသည့် လုပ်ဆောင်ချက် ဖြစ်ပါကြောင်း၊ အမှန်တကယ် လုပ်ငန်းဆောင်ရွက်နေသည့် ပရဟိတအသင်းများအတွက် ရှိသင့်သည်ဟု သုံးသပ်မိပါကြောင်း ပုဗ္ဗသီရိမြို့နယ် သဗ္ဗသုခ ပရဟိတလူငယ်အဖွဲ့မှ ဦးသိန်းထိုက်ဦးက ပြောကြားသည်။