မန္တလေး ဩဂုတ် ၁၂
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်တွင် အောက်ဆီဂျင်ထုတ်စက် ( Oxygen Plant ) တပ်ဆင်ထားရှိမည့် အဆောက်အဦ ဆောက်လုပ်ရန်မြေနေရာတွင် ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်၇နာရီက ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၂လမ်း၊ ၈၆လမ်းနှင့် ၈၇လမ်းကြားရှိ ဓာတ်ပေါင်းစုလူမှုကူညီရေးအသင်း (မန္တလေး) ရုံး၏ အရှေ့ဘက်မြေကွက်လပ်နေရာ၌ ကျင်းပသည်။
ပန္နက်တင် မင်္ဂလာအခမ်းအနားတွင် မဟာဂူကြီးတိုက်သစ် ဆရာတော်၏(ကိုယ်စား) ပင့်သံဃာတစ်ပါး၊ ဓာတ်ပေါင်းစု လူမှုကူညီရေးအသင်း (မန္တလေး)မှဥက္ကဋ္ဌ ဦးကျော်တင့်နှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြပြီး တာဝန်ရှိသူများက သတ်မှတ်နေရာအသီးသီးတွင် နေရာယူ၍ မင်္ဂလာအချိန် ကျရောက်သည်နှင့် ပန္နက်ရိုက်ခြင်း၊ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်းတို့ကို ဆောင်ရွက်ကြသည်။
အောက်ဆီဂျင်ထုတ်စက် (Oxygen Plant) တပ်ဆင်မည့်ကိစ္စနှင့်ပတ်သက်၍ " ပြည်သူများ လိုအပ် လျက်ရှိတဲ့ အောက်ဆီဂျင်ပြန်လည် လှူဒါန်းနိုင်ဖို့ရာအတွက် အောက်စီဂျင်ထုတ်စက်တပ်ဆင်ဖို့ကို ၇လပိုင်း ၁၀ရက်ကျော်ကတည်းက ဆောင်ရွက်ခဲ့တာ ဒီနေ့ဆိုရင် တစ်လနီးပါးရှိပါပြီ၊ မန္တလေးမြောက်ပြင် အိမ်ခြံမြေအကျိုးဆောင် အဖွဲ့ကမတည်ပြီးတော့ စေတနာရှင်အလှူရှင်တွေ စုစုပေါင်း(၄၃၀) လောက် ရှိတယ်၊ လှူဒါန်းထားတာက သိန်းပေါင်း (၉၈၀)ခန့်ရရှိပြီးဖြစ်ပါတယ်၊ စေတနာရှင်များ ဝိုင်းဝန်းလှူဒါန်း ထားတဲ့ငွေကြေးပါ။
ဒီစက်က အပြီးအစီးခန့်မှန်းထားတာက ကျပ်သိန်းပေါင်း (၁၂၀၀)ခန့်ကုန်ကျမယ်၊ အောက်စီဂျင်စက် ကသိန်း (၉၀၀)လောက် မှန်းထားတယ်၊ စက်ကိုအသုံးဖို့မီး ထရန်စဖော်မာက အနည်းဆုံးသိန်း(၅၀) လောက်မှန်း ထားတယ်၊ ဒီစက်ကအသင်းကို စက်တင်ဘာလထဲမှာရောက်ရှိမယ်လို့ သိရပါတယ်"ဟု ဓါတ်ပေါင်းစု လူမှုကူညီရေး အသင်း(မန္တလေး)မှဥက္ကဋ္ဌဦးကျော်တင့်က ပြောပြသည်။
အဆိုပါ အောက်စီဂျင်ထုတ်စက်(OxygenPlant)တပ်ဆင်ပြီးပါကနေ့စဉ် အောက်စီဂျင်(၄၀)လီတာဆံ့ အိုးပေါင်း(၇၀)အိုးခန်ထတ်ယူရရှိမည်ဖြစ်သည့် အတွက် အောက်စီဂျင်လိုအပ်သူများအား ဓါတ်ပေါင်းစု လူမှုကူညီရေးအသင်း (မန္တလေး)မှ ကူညီထောက်ပံ့ လှူဒါန်းမှုများ ပြုလုပ်ပေးနိုင်မည်ဖြစ်ရာ စက် လည်ပတ်နိုင်ရန်လိုအပ်လျက်ရှိသော ထရန်စဖော်မာ တပ်ဆင်နိုင်ရန်အတွက် အလှူရှင်များအနေဖြင့် ကုသိုလ်ပြုလှူဒါန်းလိုပါက ဓါတ်ပေါင်းစု လူမှုကူညီရေးအသင်း(မန္တလေး)ဥက္ကဋ္ဌ ဦးကျော်တင့် (ဖုန်း-၀၉၂၆၆၅၈၃၁၁၈) ထံသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)