ခရမ်းမြို့နယ်တွင် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့သည့် ထောက်ပံ့ငွေများအား ပြည်သူများထံပေးအပ်

ခရမ်း ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့၌ ကိုဗစ်-၁၉  ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလ အတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက်  တတိယ အကြိမ် ထောက်ပံ့ငွေများကို  ယမန်နေ့  ညနေ(၃)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းဝေးခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ထုတ်‌ဝေ ပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှတိုး၊ ဦးသိန်းဇော်လတ်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဆန်းထွန်းတို့ တက်ရောက်၍ နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားများ လက်ဝယ်အရောက် လျင်မြန်ပြည့်ဝစွာ ရောက်ရှိစေရေး လမ်းညွှန်မှာကြား၍ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရမ်းမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစာ အိမ်ထောင်စု  ၂၅၈၇၁ စု ရှိပြီး အိမ်ထောင်စု တစ်စုလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် အိမ်တိုင်ရာရောက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများက ပြည်သူများ လက်ဝယ်အရောက်‌လိုက်လံပေးအပ်လျက်ရှိကြောင်း သိရသည်။

နိုင်ငံတော်အစိုးရမှ ကိုဗစ်ကာလအတွင်း အခြေခံလူတန်းစားများအား တတိယအကြိမ်အဖြစ် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ခရမ်းမြို့နယ်အတွင်း အိမ်ထောင်စု ၂၅၈၇၁ စု အား ငွေကျပ် ၅၁၇၄၂၀၀၀၀ ကျပ်အား ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုမင်း(ခရမ်း)