မိတ္ထီလာ သြဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်၌ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ်သန်း ၂၀၀ ကျော်ဖြင့် ကျေးလက်လမ်း သုံးလမ်း အဆင့်မြှင့်တင်ခြင်းနှင့် ရေကျော်တံတား တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရ သည်။
ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် နှစ်စဉ် ဘဏ္ဍာရေးနှစ်အလိုက် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ၊ ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းများနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာမှ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ဒေသဖွံ့ဖြိုးရေးရန်ပုံငွေ ကျပ် ၂၀၂.၉၈၀ သန်းဖြင့် ကျောက်ချောလမ်း တစ်လမ်း၊ မြေသားတင်ဂျင်းခင်းလမ်း နှစ်လမ်းနှင့် ရေကျော်တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် Well Done Engineering ကုမ္ပဏီက တာဝန်ယူပြီး ဇူလိုင်လ ၂ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။ ယင်သို့ဆောင်ရွက်ရာတွင် ကျောက်တိုင်ရွာအဝင်လမ်းအား ကျောက်ချောလမ်းခင်းခြင်း၊ ကျီကုန်း-ပန်းထွေးလမ်းနှင့် အိုင့်-ရေထွက်လမ်း တို့အား မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိသည့်အပြင် ကျောက်တိုင်ရွာအဝင်တွင် ရေကျော် တံတား တစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျေးလက်လမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ရေကျော်တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ၎င်းလမ်းများကို အသုံးပြုနေသူ ကျေးလက်နေပြည်သူများ၏ ဒေသထွက် ကုန်များ သယ်ယူ ပို့ဆောင်ရာတွင် ရာသီမရွေး အဆင်ပြေစေတော့မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)