ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ ရပ်ကွက်များ အတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်ကြီးနား သြဂုတ် ၁၁

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နှစ်စဉ်မိုးရာသီရောက်တိုင်း မြစ်ကြီးနား မြို့ ဧရာဝတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းရပ်ကွက်များတွင် ရေကြီးနစ်မြှုပ်ခြင်းဖြစ်ပေါ်ခဲ့ရာ အဆိုပါ ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များမှ ကြိုတင်ကာကွယ်နိုင်ရေး သြဂုတ် ၁၀ ရက် ညနေ ၅ နာရီတွင် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်အတူ မြစ်ကြီးနားမြို့ လယ်ကုန်းနှင့် ရမ်ပူရပ်ကွက်တို့တွင် နှစ်စဉ် ဧရာဝတီမြစ်ရေမြင့်တက်ခြင်းနှင့် မိုးအဆက်မပြတ်ရွာသွန်းခြင်းတို့ကြောင့် ရေဝပ်/ ရေလျှံမှု ဖြစ်ပေါ်လေ့ရှိသော နေရာများနှင့်  ရမ်ပူရပ်ကွက်နှင့် ကြက်ပေါင်ခြံရပ်ကွက် နှစ်ခု တို့အတွင်း ဖြတ်သန်း၍ ဧရာဝတီမြစ်အတွင်းသို့ စီးဝင်သွားသည့် ရေနှုတ်မြောင်း ရေထွက်ပေါက်နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က ရေကြီး ရေလျှံမှုဖြစ်ပေါ်တတ်သည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရပ်မိရပ်ဖများအား မေးမြန်း ဆွေးနွေးခဲ့ပြီး ရေဘေးအန္တရာယ်ကာကွယ်နိုင်ရေး ရေရှည်စီမံကိန်းဖြင့် ဆောင်ရွက်သွား မည့် အစီအမံများနှင့် လတ်တလော မိုးအဆက်မပြတ်ရွာသွန်းခဲ့ပါက မြစ်ရေကြီး ခြင်းမှ ကာကွယ်ရန် ကြိုတင်ပြင်ဆင်ထားရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဌာနဆိုင်ရာတာဝန် ရှိသူများအား မှာကြားခဲ့သည်။

ထိုမှတစ်ဆင့် လယ်ကုန်းရပ်ကွက် ဧရာဝတီမြစ်ကမ်းဘေး၌ မြစ်ရေမြင့်တက်လာနိုင်သည့် ရေဝင်ပေါက်နေရာတစ်ခုဖြစ်သည့် ခတ်ချိုစက်လှေဆိပ်နှင့် ဆက်စပ်နေရာများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး မြစ်ကမ်းဘေးနေထိုင်သူများ ရေကြီးရေလျှံမှုဖြစ်စဉ်အတွက် ကြိုတင် သတိပေးလှုံ့ဆော်ရေးနှင့် အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရပ်မိရပ်ဖ များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများအကြား ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကာ ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

မြစ်ကြီးနားမြို့၏ စိုးရိမ်ရေမှတ်သည် ဧရာဝတီမြစ်ရေ၏  ၁၂၀၀ စင်တီမီတာတွင်ရှိပြီး ယမန်နေ့ ညနေ ၆ နာရီခွဲအထိ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ တိုင်းထွာ ချက်အရ ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၌ ၅၆၄ စင်တီမီတာ (၂၂၂ လက်မ) ရှိကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်