ညောင်ရွှေ ဩဂုတ် ၁၂
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်ဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်နှင့် မြို့တွင်း၌ပိုးသတ်ဆေးဖြန်းခြင်းနှင့် နေ့လယ်ပိုင်းတွင် Stay at Home ကာလအတွင်း သတ်မှတ် စည်းကမ်းလိုက်နာခြင်းရှိ/မရှိ ရှောင်တခင်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်ဦးနှင့် တာဝန်ရှိသူများက Stay at Home အစီအစဉ်တွင်ပါဝင်သည့် မြို့နယ်အတွင်းရှိပြည်သူများ ဈေးဝယ်ထွက်ခြင်းနှင့် ဆေးရုံ ဆေးခန်း သွားရောက်ပြသခြင်းတို့အတွက် နေအိမ်ပြင်ပထွက်ခွာခွင့် ကတ်ပြားများ၊ ဝန်ထမ်း များက ဝန်ထမ်းကတ်ပြားများယူဆောင်၍ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့်အညီ သွားလာမှု ရှိ/ မရှိကို လမ်းမတော်လမ်းနှင့် ရုံးကြီးလမ်းဆုံ (မင်္ဂလာဈေးအနီး)နှင့် သွားလာမှုများသည့် နေရာများတွင် စစ်ဆေးခဲ့ပြီး စည်းကမ်းလိုက်နာမှုမရှိသူများကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၃၀(က)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်းမြင့်မားနေသည့်အတွက် ကျန်းမာရေး ဝန်ကြီးဌာနက Stay at Home အစီအစဉ်တွင် အကျုံးဝင်ကြောင်း ဇူလိုင် ၂၅ ရက်က ထုတ်ပြန် ကြေညာခဲ့ပြီးဖြစ်ရာ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များကို လိုက်နာမှုမရှိသည့်အတွက် သဘာဝ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေ ၃၀(က)နှင့်အညီ အရေးယူဆောင်ရွက်ထားရှိသူ (၂၆)ဦးရှိပြီဖြစ် ကြောင်း သိရသည်။
စိုင်းအယ်ဘဲ