မင်္ဂလာဒုံ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါကြောင့် အောက်ဆီဂျင်လိုအပ်မှုကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်၍ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နေ ပြည်သူများက စုပေါင်းပြီး ကြက်ခြေနီအသင်းခွဲ မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီတပ်ဖွဲ့သို့ အောက်ဆီဂျင်အိုးများကို ယမန်နေ့နံနက် ၁၁ နာရီက လာရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့သို့ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်နေ ပြည်သူများစုပေါင်းပြီး အောက်ဆီဂျင် အိုးများ လှူဒါန်းပေးအပ်ရာတွင် ၄၀ လီတာအိုး(၄) အိုး၊ ၁၅လီတာအိုး(၆) အိုးနှင့် ဆက်စပ် ပစ္စည်းများကို အလှူရှင်များ၏ကိုယ်စား ထောက်ကြန့်စံပြရပ်ကွက် ဩဘာသလမ်း၊ ဒေါ်စိမ်းမို့မို့(ခ) ပန်းနုစိမ်း (ဆံပင်အလှပြုပြင်ရေး)က ပေးအပ်လှူဒါန်းရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအေးသွင်က လက်ခံယူပြီး အလှူရှင်များအား များစွာကျေးဇူးတင်ရှိကြောင်း ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သည်။
မင်္ဂလာဒုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့သို့ အောက်စီဂျင်လိုအပ်နေသည့် လူနာများအတွက် စုပေါင်းပြီး အောက်ဆီဂျင်အိုးများလာရောက်လှူဒါန်းကြသလို အလှူငွေများလာရောက်လှူဒါန်းထားသူများလည်းရှိပြီး ကျွန်တော်တို့ တပ်ဖွဲ့ကလည်း ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာများကို ချိတ်ဆက်၍ ကူညီဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးအေးသွင်မှ ပြောပြသည်။
မျိုးသန့်