မော်လမြိုင်မြို့တွင် ကိုဗစ်-၁၉ကာကွယ်ရေး ဈေးဝယ်ခွင့်လက်မှတ်နှင့် နှာခေါင်းစည်း(Mask)တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေး

မော်လမြိုင်      ဩဂုတ်      ၁၂

 

မွန်ပြည်နယ်  မော်လမြိုင်မြို့နယ်တွင်  ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရန်နှင့် ကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေး နေအိမ်ပြင်ပ ဈေးဝယ်သွားလာ ခွင့်လက်မှတ်ပါရှိမှုရှိ/မရှိနှင့် နှာခေါင်းစည်း တပ်ဆင်ထားခြင်း ရှိ/မရှိစစ်ဆေးခြင်းကို ယမန်နေ့နံနက်၁၀နာရီက လှိုင်ရပ်ကွက်  ဘဲကုန်းဈေးလမ်းမ ကြီး၌ လမ်းသွား/ လမ်းလာပြည်သူများ၊ ယာဉ်များအားမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌဦးတင်ယု၏ ကြီးကြပ်မှုဖြင့်  ကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက် တာဝန်ရှိသူ တို့က ပူးပေါင်းစစ်ဆေးသည်။

စစ်ဆေးရာတွင် ရပ်ကွက်အလိုက်ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် တစ်ကဒ်နှုန်းပြင်ပ ဈေးဝယ် သွားလာခွင့် လက်မှတ်ထုတ်ပေးထားကာ အဆိုပါလက်မှတ်ဖြင့် သွားလာရမည်ဖြစ်ပြီး  မဖြစ်မနေ နေအိမ် ပြင်ပသို့ သွားရောက်ရန်လိုအပ်ပါက  ပါးစပ်၊   နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ကြရေး  အသိပညာပေး ဆောင်ရွက်ထားပြီးဖြစ်၍   ပထမအကြိမ်   နှာခေါင်းစည်း တပ်ဆင်ထားခြင်းမရှိပါက ဒဏ်ငွေငါးရာ ကျပ်ပေး ဆောင်စေပြီး နှာခေါင်းစည်းနှစ်ခုပေးအပ်ကာအခုတပ်ဆင် စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြသည်။

မော်လမြိုင်မြို့နယ်တွင်ကိုဗစ်-၁၉ပိုးတွေ့ရှိအတည်ပြုလူနာ များပြားမှုကြောင့်ကျန်းမာရေးဝန်ကြီးဌာန၏ နေအိမ်နေထိုင်ရေး (Stay  at Home) အကျုံးဝင်ကြောင်း ထုတ်ပြန်ကြေညာချက်အရ ဆောင်ရွက်ခြင်း ဖြစ်ပြီး စည်းကမ်းလိုက်နာရန် ပျက်ကွက်ပါက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးတည်ဆဲ ဥပဒေများအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဇာဖြူဝင်း