ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်၊ ဆီ၊ ပဲများထောက်ပံ့လှူဒါန်း

စစ်တွေ ဩဂုတ် ၁၁

ကိုဗစ်-၁၉ ရောဂါကာလအတွင်း ရခိုင်ပြည်နယ်အတွင်းရှိ ဆွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်းများသို့ နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆန်၊ ဆီ၊ ပဲစသည့် ပစ္စည်းသုံးမျိုးကို ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့ လှူဒါန်းလျက်ရှိရာ ယမန်နေ့နေ့လည် ၁ နာရီက နယ်စပ်ရေးရာဝန်ကြီးဌာနမှ လှူဒါန်းသော ပစ္စည်းများအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရနှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရခိုင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်နိုင်နှင့် ဝန်ထမ်းများက စစ်တွေမြို့ရှိ ကျားရုပ် ပရိယတ္တိစာသင်တိုက်ရှိ သံဃာများသို့ ဆန် ၁၂ အိတ်၊ ပဲ ၃၇ ပိဿာနှင့် ဆီ ၁၈ ဒသမ ၇ ပိဿာတို့ကို သွားရောက် ဆက်ကပ်လှူဒါန်းကြသည်။

အလားတူ ဩဂုတ်လ ၁၀ ရက်နေ့ကလည်း သံတွဲခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးဝင်းဗိုလ်နှင့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုး များဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများက သံတွဲမြို့ ဓမ္မဂုဏ်ရည်ပရိယတ္တိစာသင်တိုက်ရှိ ဆရာတော်သံဃာတော်များသို့ ဆန် ၁၀ အိတ်၊ ဆီ ၁၁ ပိဿာနှင့် ပဲ ၂၂ ပိဿာတို့ကို သွားရောက် ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

တင်ထွန်း