ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ လေးဝတီကုလရက္ခိတ(ပရဟိတ) လူမှုကူညီရေးအသင်းနှင့်  တွေ့ဆုံမေးမြန်းခြင်း

ကျောက်ဖြူ   သြဂုတ် ၁၁

မေး။   ။ မင်္ဂလာပါရှင့်၊ လူကြီးမင်းနာမည်နဲ့ အသင်းအဖွဲ့ရဲ့ နာမည်လေးသိချင်ပါတယ်ရှင့်။

ဖြေ။    ။ကျွန်တော်နာမည်ကတော့ ကိုဂျပန်ကြီးပါခင်ဗျ၊ ကျွန်တော်ကတော့ လေးဝတီကုလရက္ခိတ (ပရဟိတ)အသင်းရဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေပါတယ်ခင်ဗျ။

မေး။   ။ ဒီအသင်းကိုစတင်တည်ထောင်ခဲ့တဲ့ခုနှစ်နဲ့ ဒီအသင်းမှာ ပါဝင်ဆောင်ရွက်နေကြတဲ့ အဖွဲ့ဝင်ဦးရေလေး သိရှင်ပါတယ်ရှင့်။

ဖြေ။    ။ကျွန်တော်တို့ ဒီအသင်းကိုထူထောင်ဖို့က ၂၀၁၅ မှာ ကိုယ့်မြို့ကိုယ့်ဒေသမှာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဘာတွေများလိုမလဲလို့ တိုင်ပင်ကြည့်ကြတော့ ဆေးရုံတွေနဲ့ အိမ်တွေမှာ အောက်ဆီဂျင် လိုအပ်တဲ့လူနာတွေအတွက် အောက်ဆီဂျင်လှူဒါန်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စပြီးတော့အကောင်အထည်ဖော်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာဘဲ အောက်ဆီဂျင် လှူဒါန်းရေး အရေးပေါ်လူနာစောင့်ရှောက်ရေး ဆိုပြီးတော့မှ အဲ့ဒီရည်ရွယ်ချက်ခေါင်းစဉ်ရဲ့ အောက်မှာ အသင်းကိုစတင်ဖွဲ့စည်းခဲ့ပါတယ်ခင်ဗျ။ ကျွန်တော်တို့အသင်းမှာ အမှုဆောင် ဆယ်ယောက် ရှိပါတယ်။ အသင်းဝင်ကတော့ တစ်ရာကျော်လောက်ရှိပါတယ် ခင်ဗျ။

မေး။   ။ဒီကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားနေစဉ်အတွင်းမှာ လူကြီးမင်းအသင်းအနေနဲ့ ကူညီ အားဖြည့်နေမှု များကို သိချင်ပါတယ်ရှင့်။

ဖြေ။    ။ကျွန်တော်တို့ရဲ့ အဓိကလုပ်ငန်းစဉ်ကတော့ ကိုဗစ်-၁၉ Positive လူနာ၊ သံသယလူနာတွေကို Quaratine Center ထဲမှာ Positive ထွက်လာရင် ကျွန်တော်တို့က ဆေးရုံက  Isolation world ထဲကို ကူညီပြီးပို့ဆောင်ပေးမယ်၊ နောက်ပြီးတော့အိမ်တွေမှာ   ကိုယ့်ဟာနဲ့ကို သံသယလက္ခဏာတွေပြပြီးတော့ ဆေးရုံဆေးခန်းသို့ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ လိုအပ်မယ့်သူတွေကိုလည်း ကူညီပေးတာတွေရှိပါတယ်၊ ပြီးတော့ ကျွန်တော်တို့မြို့နယ်ထဲမှာ ရှိတဲ့စနဲတို့ ဇင်ချေင်းတို့မှာရှိတဲ့ Positive လူနာတွေကို ကျောက်ဖြူခရိုင်ဆေးရုံကြီးသို့ ကူညီပေးလျှက်ရှိပါတယ်ခင်ဗျ။

မေး။   ။လူကြီးမင်းတို့အသင်းအနေနဲ့ ကိုဗစ်-၁၉ ရောဂါတွေနဲ့ပတ်သက်ပြီးတော့ ဆေးရုံတွေမှာ ကူညီ ဆောင်ရွက်ပေးနေမှုတွေကို သိချင်ပါတယ်ရှင်။

ဖြေ။    ။ ကျွန်တော်တို့အသင်းအဖွဲ့အနေနဲ့ ကျွန်တော်တို့မှာရှိတဲ့ လူအင်အားကိုခွဲတယ်၊ ဆေးရုံမှာရှိတဲ့ Isolation world ထဲမှာ Volunteer လူငယ်တွေအဖြစ်ကူညီပေးတဲ့တစ်ဖွဲ့ရှိပါတယ်၊ နောက်လူနာသယ်ယူရေးတစ်ဖွဲ့ဆိုပြီးတော့ ဆောင်ရွက်လျက်ရှိပါတယ်။ ဆေးရုံကြီးမှာရှိတဲ့ Positive လူနာတွေကို တစ်နေ ရာနဲ့တစ်နေရာပြောင်းရွှေ့မယ်ဆိုလို့ရှိရင် ကျွန်တော်တို့အသင်းက ကားတွေနဲ့ ကူညီပြီးတော့ပြောင်းရွှေ့ ပေးပါတယ်၊ ဒီကြားထဲမှာ မတော်တဆသေဆုံးသွားတဲ့ သူတွေကိုလည်း ကျွန်တော်တို့က သင်္ဂြိုလ်မဲ့ ကိစ္စတွေကို ကျန်တဲ့နာရေးကူညီမှုအသင်းတွေ၊ ပရဟိတအသင်းတွေနဲ့ ပူးပေါင်းပြီးတော့မှ ပြုလုပ်ပေးလျှက် ရှိပါတယ်ခင်ဗျ။

မေး။   ။ ဒီလူမှုကူညီရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့အခါမှာ ကြုံတွေ့ရတဲ့အခက်အခဲတွေ ရှိပါသလားရှင့်။

ဖြေ။    ။အခက်အခဲတွေကတော့ရှိပါတယ်၊ အဓိကကတော့ကျွန်တော်တို့မှာ ခု PPE တို့ဆိုတာလိုအပ် တယ်၊ လမ်းပန်းဆက်သွယ်မှုအခက်အခဲတွေကြောင့် အချိန်မီမရောက်နိုင်ဘဲ ဒီ PPE ဝတ်စုံတွေနဲ့ ဆက်စပ်ပစ္စည်းတွေဟာ   မရောက်နိုင်တာတွေရှိတယ်။ နောက်ပြီး‌တော့ သွားမှုလာမှုအတွက် ယန္တရားတွေ လည်ပတ်ဖို့အတွက် စက်သုံးဆီကအစ အခက်အခဲတွေက ရှိကြပါတယ်ခင်ဗျ။  

မေး။   ။ဒီကျောက်ဖြူမှာ ကိုဗစ်-၁၉ လူနာတွေအတွက် လူကြီးမင်းတို့အသင်းအနေနဲ့ အောက်ဆီဂျင်နဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအခက်အခဲတွေရှိပါသလဲရှင့်။

ဖြေ။    ။ အောက်ဆီဂျင်နဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့  အဓိကစလုပ်တာ ၂၀၁၅ ကတည်းက  ကျောက်ဖြူခရိုင်ဆေးရုံကြီးရယ်၊ နောက်ကိုယ့်ခရိုင်အထဲမှာရှိတဲ့ ဆေးရုံတွေပေါ့။ ဇင်ချောင်း၊  ရမ်းဗြဲ၊ မာန်အောင်၊ အမ်း၊ ကုန်ဘောင်၊ လေးတောင် စတဲ့ဆေးရုံလေးတွေကို ကျွန်တော်တို့အသင်းက အခမဲ့လှူဒါန်းပေးတယ်၊ အောက်ဆီဂျင်ဆိုတာ ကျွန်တော်တို့ဒေသမှာမရှိဘူး၊ အဲ့တော့ ရန်ကုန်ကို ကျွန်တော်တို့က ပို့ရတယ်၊ သယ်ယူစရိတ်တွေနဲ့ ကြားထဲမှာ လစ်ဟာမှုတွေများစွာရှိတယ်။ ဆိုတော့ အောက်ဆီဂျင်ရှူဖို့ လိုအပ်တဲ့လူတွေများလာလေလေ ကျွန်တော်တို့အတွက် အခက်အခဲ ပိုများလာလေပဲ၊ ဘာပဲဖြစ်ဖြစ် ခုဆိုရင်တော့ ပြီးခဲ့တဲ့ SECOND WAVE တုန်းက ကျောက်ဖြူ ဆေးရုံကြီးမှာ အောက်ဆီဂျင် Plant တစ်ခု ရလာတယ်။ အဲ့တစ်ခုလည်ပတ်နေတယ်ဆိုတော့ ကျွန်တော်တို့အတွက် အများကြီးကိုသက်သာသွားတယ်၊ ပြောရမယ်ဆိုရင်တော့ ဒီကျောက်ဖြူ ခရိုင်မှာရှိတဲ့ စက်က တစ်ကယ်တန်းကျတော့ ကျောက်ဖြူခရိုင် ဆေးရုံအတွက်တော့ လုံလောက်နိုင်ပါတယ်။ ဒီအချိန်မှာ ကျွန်တော်တို့က နီးစပ်ရာမြို့နယ်တွေ အမ်းတို့ မာန်အောင်တို့ နောက်ဆုံးတောင်ကုတ်မြို့တို့တွေ ရမ်းဗြဲ၊ စနဲ စတဲ့အဲ့ဒီဆေးရုံတွေပါမျှပေး နေရတော့ ဒီဘက်မှာနဲနဲလေး ဂျမ်းဖြစ်သွားတာတွေရှိတယ်၊ လိုက်မမီနိုင်တဲ့ အနေအထားတွေ တွေ့လာရတယ်၊  ဖြစ်နိုင်လို့ရှိရင် မြိုနယ်ဆေးရုံတိုင်း ခရိုင်ဆေးရုံတိုင်းတွေမှာ တစ်မြို့မှာ အောက်ဆီဂျင် Plant တစ်ခုလောက်သာရှိခဲ့မယ်ဆိုရင် အောက်ဆီဂျင်လိုအပ်မှုတွေ တော်တော်လေးကို ပြည့်ပြည့်ဝဝ ရနိုင်လိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျ၊

မေး။   ။လူကြီးမင်းတို့ရဲ့အသင်းဟာ ပရဟိတစိတ်ဓါတ်နဲ့ ဆောင်ရွက်ရပြီး မွန်မြတ်တဲ့လုပ်ငန်းဖြစ် တာကြောင့် လူကြီးမင်းတို့ရဲ့ ပီတိစကားသံကိုလည်းကြင်းပါရစေရှင့်။

ဖြေ။    ကျွန်တော်တို့ကတော့ ပီတိတော်တော်လေးကိုဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ အသင်းစတင်တည်ထောင်ကတည်းက ကျွန်တော်တို့ဒေသမှာရှိတဲ့ အရေးပေါ်လူနာတွေကို ကူညီစောင့် ရှောက်ခွင့်ရတယ်၊ သူတပါးရဲ့အသက်ကို ကူညီကယ်ဆယ်ခွင့်ရတယ်၊ နောက်ကိုယ့်ရဲ့ ဒေသ ကိုယ့်ရဲ့နေရာတွေကို ကိုယ့်ရဲ့အားနဲ့နိုင်တဲ့ဘက်ကနေပြီးတော့ ကူညီခွင့်ရတဲ့အတွက် အင်အတန်မှ အတိုင်းမသိ ပီတိဖြစ်ရပါတယ်၊  နောက်ပြီးတော့ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် အပေါ်မှာ ယုံယုံကြည်ကြည်နဲ့ နောက်ကနေပံ့ပိုးကူညီပေးတဲ့ အလှူရှင်တွေရှိပါတယ်၊ အခက်အခဲ မရှိအောင် ကူညီဆောင်ရွက်ပေးတဲ့အတွက် သူတို့ကိုလည်းကျွန်တော်တို့က အထူး ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျ၊

မေး။   ။လူကြီးမင်းရဲ့ အသင်းအဖွဲ့ကိုယ်စား ပြောချင်တာရှိရင် ဖြည့်စွက်ပြောကြားပေးပါရှင်။

ဖြေ။    ။အသင်းအဖွဲ့အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့အသင်းအဖွဲ့ဆိုတာ စေတနာရှင် တွေရဲ့ အလှူငွေတွေနဲ့ အဓိကရပ်တည်ရတဲ့ အသင်းအဖွဲ့ဖြစ်ပါတယ်၊ ခုဆိုအခက်အခဲမရှိအောင် ကူညီကြတဲ့  အလှူရှင်တွေရှိတယ်၊ စေတနာရှင်တွေရှိတယ်၊ သူတို့တွေကိုလည်း အထူး‌ကျေးဇူး တင်ပါတယ်လို့၊ နောက်ပြီးတော့ ခုကိုဗစ်ကာလမှာလည်း အတတ်နိုင်ဆုံး ကျန်းမာရေးဌာနက ချမှတ်ထားတဲ့လမ်းညွှန် ချက်နဲ့အညီ နေထိုင်သွားလာကြဖို့ ကိုလည်း အဓိကတိုက်တွန်းချင်ပါတယ်၊  ကျေးဇူးတင်ပါတယ်။

တွေ့ဆုံမေးမြန်းသူ- ခင်ယုယုနွယ်(ပြန်/ဆက်)