ကျောက်တန်းမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် ပန္နက်တင်မင်္ဂလာကျင်းပ

ကျောက်တန်း   ဩဂုတ်  ၁၁

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လိုအပ်လျက်ရှိသော အောက်ဆီဂျင်ပြတ်လပ်မှုအခက်အခဲများ မကြုံတွေ့စေရန်နှင့် အောက်ဆီဂျင် လုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရန် အတွက်အလှူရှင်ပြည်သူများမှ လှူဒါန်းသော အောက်ဆီဂျင်စက်ရုံတည်ဆောက်ရန် ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါအဆောက်အဦတည်ဆောက်မည့် ရွှေမှော်ဝန်းသာသနာ့ဗိမာန်ဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

၎င်းအောက်ဆီဂျင်စက်ရုံအား ကျောက်တန်းမြို့နယ် အလှူရှင်ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေ ကျပ်သိန်း ၁၈၀၀/- (ကျပ်သိန်း တစ်ထောင့်ရှစ်ရာ)ခန့်ဖြင့် အလျား ၃၀ ပေ ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေရှိ အဆောက်အဦ တည်ဆောက်မည်ဖြစ်ပြီး စက်ရုံတည်ဆောက်ပြီးစီးပါက တစ်နေ့လျင် အောက်ဆီဂျင် ၄၀ လီတာအိုး အလုံးရေ ၈၀ ခန့် ထွက်ရှိမည်ဖြစ်ကြောင်း၊ ကျောက်တန်းမြို့နယ် အတွင်းရှိ ပြည်သူများအတွက် အောက်ဆီဂျင်လုံလောက်စွာ ဖြန့်ဝေပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

အခမ်းအနားတွင် ကျောက်တန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘုန်းခန့်အောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးမျိုးသက်နောင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးစိုးမြင့်ကျော်၊ ကျောက်တန်းမြို့နယ် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီအဖွဲ့ဝင် ဦးချန်စိန်နှင့် ဦးတင်ထွန်းအောင်တို့က မင်္ဂလာအချိန်တွင် သတ်မှတ်နေရာအသီးသီး၌ အောက်ဆီဂျင်စက်ရုံအဆောက်အဦအား ပန္နက်တင်မင်္ဂလာအခမ်းအနား ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ သံဃာတော်များ၊ သီလရှင်ဆရာကြီး ဆရာလေးများနှင့် စေတနာ့ဝန်ထမ်းများ စုစုပေါင်း ၄၀၀၀ ဦးအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm (Varo Cell) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)