သထုံခရိုင် ပြည်သူ့ဆေးရုံကြီးသို့ Oxygen Concentrator များ လှူဒါန်း

သထုံ    ဩဂုတ်    ၁၁

မွန်ပြည်နယ်၊ သထုံခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်  Oxygen  Concentrator (၁၀) လုံးအား သထုံမြို့နယ် ကိုဗစ်-၁၉ အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့မှ ယနေ့ နံနက်က သုဝဏ္ဏဘူမိသာသနဗိမာန်တော်၌ လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။

သထုံခရိုင်ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသလျက်ရှိသော အရေးပေါ်လူနာများအသုံးပြုနိုင်ရန် တစ်လုံးလျှင် ငွေကျပ် (၁၃)သိန်းတန်ဖိုးရှိ 10 Liter PDA Type Oxygen  Concentrator စုစုပေါင်း(၁၀)လုံး တန်ဖိုးငွေကျပ် စုစုပေါင်း တန်ဖိုးသိန်းပေါင်း တစ်ရာသုံးဆယ်အား မြို့နယ် ကိုဗစ်-၁၉ အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့မှ ထောက်ပံ့လှူဒါန်းရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဒေါ်သင်းသင်းအိတို့က လက်ခံရယူခဲ့သည်။

သထုံမြို့နယ် ကိုဗစ်-၁၉ အရေးပေါ်ကူညီထောက်ပံ့ရေးအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ အရေးပေါ် လူနာများ ကုသရေးအတွက် အောက်ဆီဂျင် လုံလောက်စွာရရှိရေးအပါအဝင် အခြားလိုအပ်သည်တို့ကို အများပြည်သူ ထည့်ဝင်လှူဒါန်းမှုများဖြင့် စဉ်ဆက်မပြတ် ထောက်ပံ့ကူညီလျက်ရှိပြီး ကူညီမှုများဆက်လက်ပြုလုပ်နိုင်ရေး ပါဝင်လှူဒါန်းနိုင်ရန် နှိုးဆော်ထားကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်