တာချီလိတ် ဩဂုတ် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့၌ ယနေ့နံနက် ၄ နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာခဲ့မှုကြောင့် မြို့တွင်းရှိ နန့်ယွန်းချောင်း ရေလျှံမှုဖြစ်ပေါ်ခဲ့ကာ ဝမ်ကောင်းရပ်ကွက်အတွင်း နုန်းများ၊ အမှိုက်များ ဝင်ရောက်တင်ကျန်ခဲ့ကြောင်း သိရသည်။
ထိုသို့ မိုးသည်းထန်စွာရွာသွန်းသဖြင့် ဝမ်ကောင်းမြို့မဈေးအနီး ဖြတ်သန်းစီးဆင်းနေသည့် နန့်ယွန်းချောင်းတွင် ယနေ့နံနက်အစောပိုင်းက ရေလျှံမှုဖြစ်ပေါ်ခဲ့ကာ မြေနိမ့်ဒေသများဖြစ်သော ဝမ်ကောင်းရပ်ကွက် ဗိုလ်ချုပ်လမ်းမဘေးရှိ အကောက်ခွန်ဦးစီးဌာန ရုံးဝင်းနှင့်နေအိမ်များ၊ မကာဟိုရပ်ကွက်သစ္စာလမ်းနှင့် J My King ဟိုတယ်နှင့်အနီးတဝိုက်ရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်ခြင်းနှင့်အတူ သဲနှုန်းများ၊ အမှိုက်များ တင်ကျန်ခဲ့သည်။
အဆိုပါ သဲနုန်းများ၊ အမှိုက်များကို မြို့နယ်စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းများနှင့် နယ်မြေခံ တပ်မတော်သားများက ဆက်လက်ရှင်းလင်းပေးလျက်ရှိကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)