စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဆရာတော်၊ သံဃာတော်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

 

စဉ့်ကိုင်   သြဂုတ်   ၁၁

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင်   ကိုဗစ် - ၁၉ ရောဂါ   ကာကွယ် ဆေးထိုးနှံရန်ကျန်ရှိသည့်  ဆရာတော်၊ သံဃာတော်များအား ယနေ့  နံနက် (၉) နာရီ  က    မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါကာကွယ်ဆေးများ ထိုးနှံပေးရာတွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ဒုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး   ဒေါက်တာသိမ့်အိသူ   (ပြည်သူ့ကျန်းမာ) နှင့် ကျန်းမာရေး၀န်ထမ်းများ ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊   မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံး မှ၀န်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့၀င်များ၊  သုခဒါနလူမှုကူညီရေးအသင်း၀င်များပူးပေါင်း၍ စဉ့်ကိုင်မြို့နယ် အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော် ၊သံဃာတော်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ် ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့   ကိုဗစ် -၁၉ ရောဂါ   ကာကွယ်ဆေးလာရောက်  ထိုးနှှံသည့်  ဆရာတော်၊    သံဃာတော် များအား ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ  လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊    ကိုယ်အ ပူချိန် တိုင်းတာခြင်း၊  သွေးပေါင်ချိန်  တိုင်းတာပေးခြင်း၊  နှာခေါင်းစည်း   Mask စနစ်တကျ  တပ် ဆင်စေခြင်း၊  ဆေးမထိုးရ အုပ်စုမှန်မမှန်စီစစ်ပြီး ကာကွယ်ဆေးထိုးပြီးလျှင်ဆေးနှင့် ဓာတ်မတည့် ခြင်း၊ ဘေးထွက်ဆိုးကျိုးလက္ခဏာများ  တစ်စုံတစ်ရာ  ဖြစ်ပေါ်လာပါက  ချက်ခြင်းအရေးပေါ် တုံ့ပြန်နိုင်ရန် အတွက်   မိနစ်  (၃၀) ခန့်  အကြာစောင့်ကြပ်ကြည့်ရှု ပေးခြင်းနှင့် နှာခေါင်းစည်း  (Mask) များစီစဉ်ဆောင်ရွက်ထားရှိပြီး စဉ့်ကိုင်မြို့နယ် အနေ ဖြင့် ကာကွယ်ဆေးအလုံးရေ(၈၀၀) ရရှိ၍ လူဦးရေ (၁၆၀၀) ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဇူလိုင် (၃၁)ရက်​နေ့မှ  စတင်ထိုးနှံ ပေးခဲ့ရာ လူဦးရေ  (၁၄၃၈) ဦး၊   ဆေးတစ်လုံးလျှင် (၂) ဦး  နှုန်း ဖြင့်  ဆေးအလုံး ရေ(၇၁၉)  လုံး ထိုးနှံပေးပြီး ဖြစ်ကြောင်း  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှသိရသည်။

ဝင်းဝင်းသန်း