တကောင်းမြို့၌ ကလေးငယ်များအား ဗီတာမင် (A) နှင့် သန်ချဆေးများတိုက်ကျွေး

တကောင်း  ဩဂုတ်  ၁၃

မန္တလေးတိုင်းဒေသကြီး၊   ပြင်ဦးလွင်ခရိုင်၊  တကောင်းမြို့ ကျန်းမာရေးဌာနမှ  ရပ်ကွက်ကျေးရွာအုပ်စုများရှိ ကလေးငယ်များအား ဗီတာမင် (A) နှင့် သန်ချဆေးများတိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက တကောင်းမြို့ပေါ်ရှိ ရပ်ကွက် (၁)၊ (၂)၊ (၃) အုပ်ချုပ်ရေးမှူးရုံးများတွင် အသက် (၆) မှ (၅) နှစ်အထိ ကလေးများအား ဗီတာမင် (A) နှင့် အသက် (၂) နှစ် မှ (၅) နှစ် ကလေးငယ်များအားသန်ချဆေးများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။

အဆိုပါဗီတာမင် (A) နှင့် သန်ချဆေးများတိုက်ကျွေးရာတွင် သားဖွားဆရာမ  ဒေါ်ချောစုနှင့် ဒေါ်ခင်လင်းခိုင်တို့မှ ကလေးမိခင်များအား ကလေးများကြီးထွားဖွံ့ဖြိုးမှုအတွက် အစာအဟာရပြည့်ဝစွာ ကျွေးမွေးရန် ပညာပေးဆွေးနွေးခြင်း၊ ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့် ဝေပေးခြင်းနှင့် ကလေးငယ်များ ကိုယ်အလေးချိန် ချိန်ပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

ယနေ့နံနက်ပိုင်းတွင် တကောင်းမြို့ရပ်ကွက် (၁)၊ (၂)၊ (၃) ရှိ ကလေးငယ်ပေါင်း (၄၀၀) ကျော်အား ဗီတာမင် (A) နှင့် သန်ချဆေးများကို တိုက်ကျွေးခဲ့ပြီး ကျန်ရှိနေသော ကလေးငယ် (၂၀၀) ကျော်အား နောင်ရက်များတွင် ဆက်လက်တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုအောင် (တကောင်း)