ဒဂုံမြို့နယ်၌ အသက်(၆)လမှ(၅)နှစ်အောက် ကလေးငယ်များ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေး

ဒဂုံ ဩဂုတ် ၁၃

အသက်(၆)လမှ(၅)နှစ်အောက် ကလေးငယ်များ ဗီတာမင်အေနှင့် သန်ချဆေးတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံမြို့နယ်ဘုရားကြီးရပ်ကွက်  ဆေးသုတေသန ဦးစီးဌာန (DMR)ဝင်း၌  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန  ဝန်ထမ်းများနှင့်   ရပ်ကွက်  တာဝန်ရှိသူ တို့က စုပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

ကာကွယ်ဆေးမတိုက်ကျွေးမီ အမျိုးသမီးကျန်းမာရေးဆရာမ  ဒေါ်ဖွေးဘီက နှစ်စဉ်ပုံမှန်ကာကွယ်ဆေး တစ်နှစ်လျှင်(၂)ကြိမ် တိုက်ကျွေး ပေးခြင်းဖြင့် ကလေးငယ်များကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှုအပြင်  ကျန်းမာသန်စွမ်းပြီး အမြင်အာရုံအားကောင်းစေရန် တိုက်ကျွေးခြင်း ဖြစ်ကြောင်း ရှင်းလင်းပေးပြီး ကိုယ်ဝန်ဆောင်မိခင်များအား ကိုယ်ဝန်ရှိစဉ်ကာလ မိခင်နှင့် ကလေးကျန်းမာသန်စွမ်းမှုရှိစေရန် ပုံမှန် ကာကွယ်ဆေး အားဆေးများ လိုအပ်ကြောင်း၊ ကိုယ်ဝန်ဆောင်ကာလ လိုက်နာရမည့် အသိပညာများ ထည့်သွင်းဟောပြောသည်။ ယင်းနောက် အသက်(၅)နှစ်အောက် ကလေးငယ်တစ်ဦးချင်းအလိုက်  အားဆေးတိုက်ကျွေးခြင်းနှင့်  ကိုယ်အလေးချိန် တိုင်းတာခြင်း၊ လက်မောင်းပတ်တိုင်းတာခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)