ပျဉ်းမနား ဩဂုတ် ၁၀
ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထပ်မံရရှိသည့်အတွက် ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ဝန်ထမ်းမိသားစုများအား ယနေ့နံနက်ပိုင်းမှစတင်၍ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့တွင် ဩဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းမှစတင်ပြီး အမှတ် ၃ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် ကာကွယ်ဆေးထိုးနှံရေးစင်တာတွင် ကျန်းမာရေး ဦးစီးဌာနနှင့် တပ်မတော်ဆေးရုံမှ ဆရာဝန်သူနာပြုများ ပူးပေါင်း အဖွဲ့ ၄ ဖွဲ့ဖြင့် ဩဂုတ်လ ၇ ရက်နေ့အထိ ထိုးနှံပေးခဲ့ရာ အသက် ၆၅ နှစ် အထက်ရှိသူ(၁၂၈၄)ဦး၊ ကျန်းမာရေးဝန်ထမ်း (၄၄)ဦး၊ စေတနာ့ဝန်ထမ်း(၅၁၆)ဦး၊ ဘိုးဘွားရိပ်သာမှအဘိုးအဖွား(၂၂)ဦး၊ သာသနာ့ဝန်ထမ်း (၃၀၂)ပါး၊ နိုင်ငံ့ဝန်ထမ်း(၅၈၁)ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၈၇)ဦး၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်း (၅၇၉)ဦး၊ ဟော်တယ်၊ မိုတယ်၊ တည်းခိုခန်းဝန်ထမ်း(၁၂၇)ဦး၊ ပုဂ္ဂလိကသယ်ယူပို့ ဆောင်ရေး ဝန်ထမ်း(၈၃)ဦးနှင့် စူပါမားကက်၊ ဈေးများမှဝန်ထမ်း(၃၂၂)ဦး စုစုပေါင်း (၃၉၄၇)ဦး ကို တစ်ဆင့်ချင်း ထိုးနှံပေးခဲ့ပြီးဖြစ်သည်။
ယနေ့ထိုးနှံမှုသည် ပျဉ်းမနားမြို့နယ်အတွက် ကာကွယ်ဆေး တတိယအကြိမ် ထပ်မံ ရရှိခြင်းကြောင့်ဖြစ်ပြီး လူဦးရေ ၁၀၀၀ ခန့် ထိုးနိုင်ပေးသွားမည်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဖြိုး