စဉ့်ကိုင် သြဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန်ကျန်ရှိသည့် ဆရာတော်၊ သံဃာတော်များနှင့် သီလရှင်များအား ယနေ့ နံနက် (၉) နာရီ က မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတွင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါကာကွယ်ဆေးများ ထိုးနှှံပေးရာတွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသိမ့်အိသူ (ပြည်သူ့ကျန်းမာ)နှင့် ကျန်းမာရေး၀န်ထမ်းများ ၊ မြို့နယ်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးမှူးရုံး မှ၀န်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၀င်များ၊ သုခဒါနလူမှုကူညီရေးအသင်း၀င်များပူးပေါင်း၍ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ကျောင်းတိုက်များမှ သီလရှင်များအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးလာရောက် ထိုးနှံသည့် ဆရာတော်၊ သံဃာတော်များ၊ သီလရှင်များအားကာကွယ်ဆေးထိုးနှံခြင်း မပြုမီ လက်သန့်ဆေးရည်ဖြင့် လက်ဆေးစေခြင်း၊ ကိုယ်အပူချိန် တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်စေခြင်း၊ ဆေး မထိုးရ အုပ်စု မှန်မမှန် စီစစ်ပြီး ကာကွယ်ဆေးထိုးပြီးလျှင် ဆေးနှင့် ဓာတ်မတည့်ခြင်း၊ ဘေးထွက် ဆိုးကျိုး လက္ခဏာများ တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ချက်ခြင်းအရေးပေါ် တုံ့ပြန်နိုင်ရန် အတွက် မိနစ်(၃၀)ခန့်အကြာ စောင့်ကြပ်ကြည့်ရှုပေးခြင်းနှင့် နှာခေါင်းစည်း (Mask) များ စီစဉ်ဆောင်ရွက်ထားရှိပြီး စဉ့်ကိုင်မြို့နယ် အနေဖြင့် ကာကွယ်ဆေး အလုံးရေ(၈၀၀) ရရှိ၍ လူဦးရေ (၁၆၀၀) ထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဇူလိုင်(၃၁)ရက်နေ့မှ စတင်ထိုးနှံပေးခဲ့ရာ လူဦးရေ(၁၃၂၀) ဦး၊ ဆေးတစ်လုံးလျှင် (၂) ဦး နှုန်းဖြင့် ဆေးအလုံး ရေ (၆၆၀) လုံး ထိုးနှံ ပေးပြီး ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှသိရသည်။
၀င်း၀င်းသန်း