မူဆယ် ဩဂုတ် ၁၀
မူဆယ်မြို့ နန်းတော်ဂိတ်ဖြစ်သော နယ်စပ်ဝင်/ထွက်ဂိတ်တွင် တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်တလျောက် ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်နေထိုင်ကြသည့် မြန်မာနိုင်ငံသားများသည်၊ ကိုဗစ်၁၉ ရောဂါပြန့်နှံ့နေမှုကြောင့် မိခင်နိုင်ငံသို့နေ့စဉ်နှင့်အမျှ ပြန်ဝင်လာလျက်ရှိရာ (ပိတ်ရက်မရှိ) ၂၆.၇.၂၀၂၁ မှစတင်ပြီး ၉.၈.၂၀၂၁ ရက်နေ့အထိ အမျိုးသား ၂၂၀၈ဦး၊အမျိုးသမီး ၂၉၉၇ဦး၊စုစုပေါင်း ၄၂၀၅ဦး ပြန်ဝင်ရောက် လာလျက်ရှိကြောင်း သိရသည်။
မြန်မာ-တရုတ် နယ်စပ်တလျှောက် အတွင်းပိုင်းအထိ ကျယ်ပြန့်စွာ နေထိုင်အလုပ်လုပ်လျှက်ရှိသော မြန်မာနိုင်ငံသားအလုပ်သမားများသည် မူဆယ်နန်းတော်ဂိတ်အထိ လာရောက်ရန် သွားလာမှု ခက်ခဲသူများအတွက် အနီးဆုံးဂိတ်များမှပြန်ဝင်လာနိုင်ရေးကို နယ်စပ်ဒေသ တာဝန်ရှိသူများညှိနှိုင်း ဆောင်ရွက်လျက်ရှိပြီး မကြာမီ ချင်းရွှေဟော်ဂိတ်၊ ပန်ဆိုင်း ဝမ်တိန်ဂိတ်၊ ကျင်စန်းကျော့ဂိတ် များမှလည်း နေရပ်ပြန်နိုင်ရေး ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင် သိရသည်။
မူဆယ်နန်းတော်ဂိတ်မှ နေရပ်ပြန် မြန်မာနိုင်ငံသားများကို ၉.၈.၂၀၂၁ရက်နေ့က မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီးဇေယျာလင်း၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများက ကြိုဆိုနေရာချထားခြင်းကို ကြည့်ရှုကြိုဆိုကြပြီး နေ့လယ်စာ ထမင်းဗူး၊ သောက်ရေသန့်များကို လက်ရောက် ဝေငှလျက်ရှိကြောင်း သိရသည်။
အယ်လ်စိုး(မူဆယ်)