အမ်း ဩဂုတ် ၉
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချူပ်နိုင်ရေးအတွက် ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်ရမည့် အချက်များအား ယနေ့နံနက် ၉ နာရီအချိန်က မြို့ပေါ် လမ်းဆုံလမ်းမများနှင့် ရပ်ကွက်ကျေးရွာများသို့ သွားရောက်၍ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချူပ်နိုင်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွန်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်တွင်းရှိ ပြည်သူများအား မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း မပြုကြရန် နေအိမ်ပြင်ပသို့ထွက်လျှင် နှာခေါင်းစည်းစနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုဆပ်ပြာနှင့် မကြာခဏ စနစ်တကျ ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာနေ၍ အတတ်နိုင်ဆုံး လူစုလူဝေးရှောင်ရှားကြရန်၊ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခတ်ခဲခြင်း၊ အားအင်ကုန်ခမ်းခြင်းစသည့် လက္ခဏာများ ဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အမြန်ဆုံး သွားရောက် ပြသကြရန် လိုအပ်ကြောင်း စသည့်အချက်(၁၄)ချက် ပါဝင်သော ညွှန်ကြားချက် များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး ကိုယ်စီပူးပေါင်း ဆောင်ရွက်နိုင်ရေးအတွက် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝင်းအိမွန်