မတ္တရာ သြဂုတ် ၁၃
ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ စက်မှုလယ်ယာဦးစီးဌာနမှ Cash for Work စီမံကိန်းဖြင့် ခေတ်မီကောက်စိုက်စက်များဖြင့် မိုးစပါးများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှု အစီအစဉ် CERP ဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ တောင်သူများထွန်ယက်ရာတွင် အစဉ်ပြေနိုင်ရေးအတွက် လယ်ထွန်စက်ကြီးများအား အရစ်ကျ စနစ်ဖြင့် ရောင်းချပေးခြင်း၊ ပျိုးထောင်စရိတ်များ၊ လုပ်သားစရိတ်များထောက်ပံ့ခြင်း၊ အလုပ်အကိုင်ခက်ခဲနေနေသည့် ဒေသခံလုပ်သားများအား အလုပ်အကိုင်အခွင့်အလမ်းများရှာဖွေပေးခြင်း၊ ကောက်စိုက် စက်ဖြင့် စိုက်ပျိုးပေးခြင်းများကို ဆောင်ရွက်ပေးလျက်ရှိပြီး၊ ရိတ်သိမ်းချိန်ရောက်တဲ့အခါမှာလည်း မိမိတို့ဌာနမှာရှိတဲ့ ရိတ်သိမ်းခြွေလှေ့စက်တွေ့နဲ့ ကူညီဆောင်ရွက်ပေးသွားအုံးမှာ ဖြစ်ပါတယ်ဟု စက်မှု လယ်ယာဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးအောင်ကျော်မိုးမှ ပြောသည်။
“ကျွန်တော်တို့ မတ္တရာမြို့နယ်ဟာ စိုက်ပျိုးရေးကိုအခြေခံတဲ့မြို့နယ် ဖြစ်ပါတယ်။ အခု ကိုဗစ်ကာလ အလုပ်အကိုင်အခက်အခဲဖြစ်တဲ့အချိန်မှာ နိုင်ငံတော်ရဲ့အမျှော်အမြင်ကြီးမှုနဲ့ စက်မှုလယ်ယာဦးစီးဌာနရဲ ပံ့ပိုးမှုတွေကြောင့် ဒီမှာရှိတဲ့တောင်သူတွေ အင်မတန်မှ အခွင့်အလမ်းရရှိစေပါတယ်။ နောက်နောင် စက်မှုနဲ့လုပ်တဲ့နေရာမှာ သွင်းအားစုတွေ လျော့ကျလာမှာဖြစ်ပါတယ်။ ကိုဗစ်အလွန်မှာ နိုင်ငံတော်၊ ဌာနနှင့် ပြည်သူပူးပေါင်း ဆောင်ရွက်ခဲ့အတွက် ကျွန်တော်တို့မြို့နယ်ဟာ စိုက်ပျိုးရေးနဲ့ စီးပွားဖြစ်ထွန်းတဲ့ မြို့နယ် တစ်မြို့နယ် ဖြစ်လာမှာ ဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇော်မင်းလွင်မှ ပြောသည်။
ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာရှိ ကွင်းအမှတ် (၂၃၀) စနစ်ကျလယ်ယာမြေဧက (၁၀၀) စိုက်ကွင်းတွင် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးပေးနေမှု၊ စပါးပျိုးထောင်ထားရှိများကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလွင်၊ စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုးနှင့် ဝန်ထမ်းများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး (မတ္တရာ)