မိုးညှင်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

မိုးညှင်း ဩဂုတ် ၉

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ သဘာဝဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှမျိုးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကိုယ်စား လက်ထောက် ညွှန်ကြားရေးမှူးဦးမင်းသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေအနေ များကို ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး လှိုင်မျိုးဦးက သဘာဝ ဘေးအန္တရာယ်ဆိုင်ရာများ မကျရောက်လာမီ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လည်းကောင်း၊ သဘာဝဘေးများ ဖြစ်ပေါ်လာပါက နယ်မြေလုံခြုံရေး လုပ်ငန်းများနှင့် ကယ်ဆယ်ရေး လုပ်ငန်းများတွင် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။

ထို့နောက် အစည်းအဝေးတွင် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ခရိုင်ကြက်ခြေနီ တပ်ဖွဲ့ ဝင်များနှင့် စေတနာ့ ဝန်ထမ်းများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီသီး ဆွေးနွေးတင်ပြကြရာ ၎င်းဆွေးနွေး တင်ပြချက်များအပေါ်  မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ် လှမျိုးက သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

ဇွဲသူရအောင် (ပြန်/ဆက်)